စက်လှေမှောက်၍ ပျောက်ဆုံးနေသူများအနက် သေဆုံးသူ ၁၆ ဦး ရှိလာ

စက်လှေမှောက်၍ ပျောက်ဆုံးနေသူများအနက် သေဆုံးသူ ၁၆ ဦး ရှိလာ
ဓာတ်ပုံ- မောင်ကောက်(ရေနံချောင်း)

မကွေး၊ ဇူလိုင် ၂၅ ။      ။ မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်တွင် ခိုက်ရန်ဖြစ်ပွားရာမှ စက်လှေမှောက်၍ ပျောက်ဆုံးနေသူများ ၃၉ ဦးအနက် ဇူလိုင် ၂၅ ရက်နေ့အထိ သေဆုံးသူ ၁၆ ဦးအထိ ရှာဖွေတွေ့ရှိထားသည်ဟု မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်မှူးထံမှ သိရသည်။

“ ဒီနေ့ လက်ရှိအချိန်ထိ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်၊ မနေ့က မနက်ပိုင်း သေဆုံး ၅ ဦး အသက်ရှင်လျှက် ၂ ဦးနဲ့ ညနေပိုင်း သေဆုံး ၃ ဦး တွေ့ရှိခဲ့ပါတယ်၊ ဒီနေ့ မနက်ပိုင်းမှာ သေဆုံးသူ ၈ ဦး ထပ်ရှာဖွေတွေ့ရှိပါတယ်” ဟု ရေနံချောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမန်ကိုဟော့က ဆိုသည်။

ဖြစ်စဉ်မှာ ရေနံချောင်းမြို့နှင့် အနောက်ဘက် ၇ မိုင်ခန့်အကွာ ဧရာဝတီမြစ်အနီးရှိ မာန်မြေကျေးရွာအုပ်စု၊ ဖရဲကျွန်းကျေးရွာမှ ကျေးရွာသားများနှင့် ကျမ်းကိုင်ကျွန်းကျေးရွာအုပ်စု၊ ကံသာကျေးရွာမှ ရွာသားများသည် မြေယာပိုင်ဆိုင်မှု အငြင်းပွား၍ အပြန်အလှန်ခိုက်ရန်ဖြစ်မှု ဇူလိုင်၂၃ ရက်၊ ညနေ ၄ နာရီခွဲအချိန်က ဖြစ်ပွားခဲ့ရာ ခိုက်ရန်ဖြစ်သူများ စက်လှေပေါ်တက်ပြေးရာမှ စက်လှေတိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။


စက်လှေတိမ်းမှောက်သွားခဲ့ချိန်တွင် စက်လှေပေါ်ပါသူအချို့သည် ရေကူးခတ်၍ထွက်ပြေးပြီး သဲသောင်ခုံသို့ရောက်ရှိချိန် ကျေးရွာမှလှေငယ်များဖြင့် လာရောက်ကယ်ဆယ်သွားကြောင်း သိရသည်။

လက်ရှိအချိန်ထိ ပျောက်ဆုံးနေသူ ၃၉ ဦးအနက် ယနေ့အထိ သေဆုံးသူ ၁၆ ဦး၊ အသက်ရှင်လျှက် ၂ ဦး တွေ့ရှိထားသည်။

“ အခင်းဖြစ်ပွားခဲ့တဲ့ နေရာတွေ မြို့မဝန်းကျင်မြစ်ပြင်နေရာတွေမှာ ကယ်ဆယ်ရှာဖွေရေးတွေ ဆက် လုပ်နေပါတယ်။ ကျွန်တော် ဦးစီးတဲ့အဖွဲ့က မကွေးနယ်စပ်မြစ်ပြင်အထိ လိုက်လံရှာဖွေနေပါတယ်။ ကယ်ဆယ်ရေးအတွက် သရုပ်ဆောင် နေထူးနိင်နဲ့ ဝေဠုကျော်တို့အဖွဲ့လည်း လာရောက်ကူညီမှာပါ” ဟု ဦးမာန်ကိုဟော့က ပြောသည်။

လက်ရှိတွင် ရေနံချောင်းမြစ်ပြင်မှ မကွေးနယ်စပ်အထိ ကယ်ဆယ်ရေးနှင့် ရှာဖွေရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျှက်ရှိကြောင်း တိုင်း NLD ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့်အဖွဲ့ယနေ့ ဖရဲကျွန်းကျေးရွာသို့ ရောက်ရှိလာပြီး နယ်မြေအေးချမ်းရေးကယ်ဆယ်ရေးနှင့်ရှာဖွေရေးအတွက် ပူးပေါင်းဆောင်ရွက်လျှက်ရှိကြောင်း ရေနံချောင်း မြို့နယ် မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်က ပြောသည်။

လက်ရှိတွင် ပျောက်ဆုံးနေသူ ၂၀ ဦးခန့် ရှိနေသေးပြီး ယင်းကိစ္စရပ်အား တိုင်းအစိုးရအား တင်ပြထားကာ သေဆုံးသူများအတွက် ထောက်ပံ့ပေးနိုင်ရန် ဆောင်ရွက်နေကြောင်း ယင်းကိုယ်စားလှယ်ထံမှ သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly