မက္ကဆီကို ပျောက်ဆုံးကျောင်းသားများအရေး ရှေ့နေချုပ်ရုံးက အမှုတွဲဖိုင် ထုတ်ပြန်

မက္ကဆီကို ပျောက်ဆုံးကျောင်းသားများအရေး ရှေ့နေချုပ်ရုံးက အမှုတွဲဖိုင် ထုတ်ပြန်

ပြီးခဲ့သည့်နှစ်က ဆန္ဒပြမှုတွင် ရဲနှင့် ပဋိပက္ခဖြစ်ခဲ့သည့် ကျောင်းသား ၄၃ ဦးပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး မက္ကဆီကို ရှေ့နေချုပ်ရုံးက အမှုတွဲဖိုင်အား လူထုအား ထုတ်ပြန်သည်။

အချက်အလက်စာဖိုင် ၈၀ ကျော်ပါရှိသည့် ယင်းဖိုင်အား ရှေ့နေချုပ် အာရီလီဂိုမက်ဇ်ဂွန်ဇယ်လက်ဇ်က ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အဆိုပါ ကျောင်းသားများ ပျောက်ဆုံးမှုက နိုင်ငံတွင်း ဆန္ဒပြမှုများ ဖြစ်ပွားစေကာ သမ္မတ ပီနာနိတိုအတွက်လည်း ခေါင်းခဲစရာ ပြဿနာဖြစ်နေသည်။

အစိုးရ၏ ဂူရီရိုပြည်နယ်ရဲများက ကျောင်းသားများကို လူဆိုးဂိုဏ်းတစ်ဂိုဏ်းသို့ လက်လွဲပေးခဲ့ရာ သတ်ဖြတ်မီးရှို့ခံရခြင်းဖြစ်သည်ဟု ကောက်ချက်အပေါ် အငြင်းပွားမှုများလည်း ရှိနေသည်။

ယခုမှတ်တမ်းဖိုင်ကို ခုနစ်လကြာ စစ်ဆေးစုံစမ်းသူ ၁၀၀ ကျော်အင်အားဖြင့် ပြုစုခဲ့ခြင်းဖြစ်သည်ဟု ရှေ့နေချုပ်ရုံးက ပြောသည်။

သို့သော် နိုင်ငံတကာ ပညာရှင်အဖွဲ့တစ်ဖွဲ့က စုံစမ်းစစ်ဆေးမှုက ယိုပေါက်များစွာရှိနေသည်ဟု ပြောသည်။

ကျောင်းသားများဖမ်းဆီးခံရရာအနီးတွင် ဖက်ဒရယ်ရဲများနှင့် စစ်တပ်တပ်ဖွဲ့ဝင်များလည်း ရှိနေခြင်းကို တရားဝင်ထုတ်ပြန်သည့် အစီရင်ခံစာများက မှေးမှိန်အောင် လုပ်ဆောင်လိုကြဖွယ်ရှိကြောင်း ယင်းအဖွဲ့က ပြောသည်။

စစ်သားများနှင့် အင်တာဗျူးမေးမြန်းခြင်းများအားလည်း စစ်တပ်က ပိတ်ပင်ထားကြောင်း ပညာရှင်အဖွဲ့က ပြောသည်။

ရှေ့နေချုပ်က ယင်းအမှုတွဲဖိုင်ကို ပိတ်သွားမည်မဟုတ်ဘဲ ဆက်လက်စစ်ဆေးမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly