နာဂဒေသကျေးရွာများတွင် ဆန်ပြတ်လပ်ပြီး စားသောက်ရေး ခက်ခဲနေ

နာဂဒေသကျေးရွာများတွင် ဆန်ပြတ်လပ်ပြီး စားသောက်ရေး ခက်ခဲနေ

လဟယ် ၊ ဇူလိုင် ၂၄ ။        ။ စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ကျေးရွာများ၌ ဆန်ပြတ်လပ်ခြင်း၊ စိုက်ပျိုးခဲ့သည့် ပြောင်းဖူးများ ခြောက်သွေ့ခြင်းကြောင့် စားသောက်ရေး ခက်ခဲနေကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ဆန်ပြတ်လပ်ချိန်တွင် အဆင်သင့်စားသောက်ရန် ထားရှိသည့် ပြောင်းဖူးများမှာလည်း ခြောက်သွေ့ခြင်းကြောင့် စားသောက်ရေး အခက်အခဲ ပိုမိုကြုံတွေ့နေရသည်ဟု  နာဂဒေသခံ ဦးဘားမာက ဆိုသည်။

"ဒီနှစ်က ပိုပြီးခက်ခဲတယ်၊ ဘာကြောင့်လဲမသိဘူး ပြောင်းဖူးတွေက ခြောက်ကုန်တယ်၊ ဆန်ကမရှိ ပြောင်းဖူးတွေက ခြောက်ကုန်တော့ ဘာမှကိုစားစရာမရှိတော့ဘူး၊ ဝယ်စားရအောင်လည်း ဝယ်စားစရာဆန်ကိုမရှိတာ" ဟု ထန်ခေါ်လားမားကျေးရွာမှ ဒေသခံဦးဘားမာက မဇၥ်ိမသို့ ပြောသည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ် နှင့် နန်းယွန်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဆန်ပြတ်လပ်သည့် အခက်အခဲကို ပိုမိုရင်ဆိုင်နေရပြီး ကျေးရွာများသို့ ဆန်များသွားရောက်လှူဒါန်းမည့် အလှူရှင်များရှိနေသော်လည်း လမ်းပမ်းဆက်သွယ်ရေး အခက်အခဲကြောင့် သွားရောက်လှူဒါန်းရန် ခက်ခဲနေသည်။

ပြီးခဲ့သည့် နှစ်နှစ်ခန့်မှ စတင်ပြီး နာဂဒေသအတွင်း၌ မိုးရာသီ ဆန်ပြတ်လပ်ချိန်တွင် စားသုံးရန် စိုက်ပျိုးထားသည့် ပြောင်းဖူးပင်များသည် ရိတ်သိမ်းပြီးချိန်၌ ခြောက်သွေ့၍ စားသုံးမရခြင်းများ ကြုံတွေ့နေရသည်။

ယင်းကဲ့သို့ ကျေးရွာများအတွင်း၌ ဆန်ပြတ်လပ်ခြင်းကြောင့် ကြုံတွေ့နေရသည့် စားနပ်ရိက္ခာအခက်အခဲနှင့်ပတ်သက်ပြီး နာဂဒေသဦးစီးအဖွဲ့မှ တာဝန်ရှိသူများအား သွားရောက်မေးမြန်းသော်လည်း စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တက်ရောက်နေခြင်းကြောင့်  တွေ့ဆုံခွင့်မရခဲ့ပေ။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ လေရှီး၊ လဟယ် ၊ နန်းယွန်းမြို့နယ်များကို စုစည်းပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် သတ်မှတ်ပေးခဲ့ခြင်းဖြစ်သည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required