“အာဇာနည်ကုန်း ဗုံးခွဲမှုနဲ့ ဒီပဲရင်း လုပ်ကြံမှု”

“အာဇာနည်ကုန်း ဗုံးခွဲမှုနဲ့ ဒီပဲရင်း လုပ်ကြံမှု”

ရွေးကောက်ပွဲမှာ အနိုင်ရပြီးရင်တောင် မဲဆွယ်ကာလ ပြောမှားဆိုမှားကြောင့် အရှုံးရလာဒ် ထွက်ပေါ်နိုင်တဲ့ စည်းမျဉ်းဥပဒေသတွေကြောင့် နဂိုတုန်းက မဲဆွယ်စည်းရုံးပွဲတွေဟာ ထိန်းထန်းသိမ်းသိမ်း ရှိကြမယ်၊ ပျင်းစရာတောင် ကောင်းနေဦးမယ် ဆိုပြီး ထင်မှတ်ခဲ့ကြတာပါ။ ခုတော့ အဲဒီ ထင်မြင်ချက်တွေ လွဲတော့မလား။ ပြည်ခိုင်ဖြိုး အမတ်လောင်း ဦးမြငြိမ်းကတော့ ဗုံးခွဲတယ် ဆိုတဲ့ စကားလုံးတွေ၊ အကြမ်းဖက်မှုတွေ၊ သွေးရောင်တွေ လွှမ်းသွားမယ် ဆိုတဲ့ သဘောမျိုးတွေ ပြောဆိုလာပါပြီ။ သူဘာပြောခဲ့သလဲ၊ မဲဆွယ် စည်းရုံးပွဲတွေ ဘာဖြစ်နေသလဲ၊ ရှေ့အလားအလာ ဘယ်လိုရှိမလဲ ဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

ဦးမြငြိမ်းဟာ ပြည်ခိုင်ဖြိုး ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဖြစ်သလို၊ အမျိုးသားလွှတ်တော် ဒုဥက္ကဌ လည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ ရက်နေ့က ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ မြို့ဦးစေတီနားက အားကစားကွင်းမှာ လုပ်ခဲ့တဲ့ ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုးပါတီရဲ့ မဲဆွယ် စည်းရုံးပွဲမှာ ဦးမြငြိမ်းက ထိတ်လန့်စရာ စကားလုံးတွေ ပြောဆိုခဲ့ပါတယ်။ သူ ပြောတာ အပြည့်အစုံက ခုလိုပါ။ “ရန်ကုန်တိုင်းမှာ အနီမလွှမ်းရဘူး၊ အစိမ်းတွေပဲလွှမ်းရမယ်။ အစိမ်းလွှမ်းတဲ့အတွက် အစိမ်းဆိုတဲ့သဘာဝသတ္တိက ဘာလဲ။ နိုင်ငံတော်ဖွံ့ဖြိုးတယ်၊ သာယာတယ်။ အနီဆိုတာ အာဇာနည်ဗုံးခွဲတာကို သွားကြည့်၊ နော်- ကျနော်…date ပြောမယ်။ ၉ ရက်၊ ၁၀ လ၊ ၈၃။ သီချင်းတစ်ပုဒ်ရှိတယ်။ အာဇာနည်ဗုံးခွဲတာ ဇင်မိုတို့လက်ချက်ပါ။ အာဇာနည်ဗုံးခွဲတာ ဇင်မိုတို့လက်ချက်ပါ….ဆိုပြီးခွဲသွားတယ်။ ဘာတွေ ဖြစ်သွားလဲ။ အာဇာနည်ကုန်းကြီး ဘာဖြစ်သွားလဲ။ ဘာဖြစ်သွားလဲ၊ အရောင်ကိုပြောတာ။ အရောင်ဘာဖြစ်သွားလဲ။ (ရဲသွားတယ်….)။” ဆိုပြီး ဖြစ်ပါတယ်။

အားလုံးသိကြပြီဖြစ်တဲ့အတိုင်း ခုဆို ရန်ကုန်မြို့ကြီးဟာ ဦးမြငြိမ်းပြောသလို စိမ်းနေတာ မဟုတ်ပဲ နီနေတာ ဖြစ်ပါတယ်။ ဆိုက်ကားတွေ၊ ကားတွေပေါ်မှာ ပြည်သူတွေဟာ ကိုယ့်သဘောနဲ့ကိုယ် အနီရောင် အင်န်အယ်လ်ဒီ အလံတွေ လွှင့်ထားကြပါတယ်။ အင်န်အယ်ဒီစည်းရုံးရေး လုပ်ရာနေရာတွေမှာအနီရောင်အလံတွေ လွှင့်ပြီး အနီရောင်တီရှပ် ဝတ်ထားတဲ့ လူငယ်တွေနဲ့ စည်ကားနေတာတွေ့နိုင် ပါတယ်။ အင်န်အယ်လ်ဒီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်စည်းရုံးပွဲ သွားရောက်ရာ နေရာတိုင်းမှာလဲ အဲဒီ အနီတွေ ဖွေးဖွေးလှုပ်နေတာပါပဲ။ ဒီအနီရောင်တွေကို ဦးမြငြိမ်းက အာဇာနည်ကုန်းမှာမြောက်ကိုရီး ယား ကွန်မန်ဒိုတွေ လာပြီး ဗုံးခွဲတဲ့ အဖြစ်အပျက်နဲ့ တင်စားပြီး ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဦးမြငြိမ်း ရည်ညွှန်းတဲ့ အာဇာနည် ဗုံးခွဲမှု ဖြစ်စဉ် အကျဉ်းကခုလိုပါ။ ၁၉၈၃ အောက်တိုဘာလမှာ တောင်ကိုရီးယားနိုင်ငံ သမ္မတ ချန်ဒူးဝှမ်နဲ့ အစိုးရ အဖွဲ့ဝင်တွေ မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးလာရောက် လည်ပတ်ပါတယ်။ အောက်တိုဘာ ၉ ရက် မနက်ပိုင်းမှာ မြန်မာသမ္မတ ၊ ချန်ဒူးဝှမ်နဲ့ နှစ်ဖက် အစိုးရအဖွဲ့ဝင်တွေ အာဇာနည် ဗိမာန်ကို သွားရောက် ဂါရ၀ ပြု အလေးပြုဖို့ အစီအစဉ် လုပ်ပါတယ်။ အဲဒီနေ့ မှာပဲ မြန်မာနိုင်ငံထဲကို ကြိုတင်ရောက်နေတဲ့ မြောက်ကိုရီးယား ကွန်မန်ဒို (၃) ယောက်က အာဇာနည် ဗိမာန်ကို ဗုံးထောင် ဖေါက်ခွဲလိုက်တာပါ။

သူတို့ ဗုံးဖေါက်ခွဲချိန်မှာ တောင်ကိုရီးယား သမ္မတ ချန်ဒူးဝှမ်အာဇာနည် ဗိမာန်ကို မရောက်သေးတော့ သီသီလေး လွဲသွားပါတယ်။ ဒါပေမယ့် ကိုရီးယားနဲ့ မြန်မာ ဝန်ကြီးတွေ၊ အစိုးရအရာရှိတွေ အယောက် ၂၀ သေပြီး၊ ၄၆ ယောက် ဒါဏ်ရာရပါတယ်။ ဆိုးရွားရက်စက်တဲ့ လုပ်ကြံမှုကြီးပါ။ အဲဒီအချိန်နောက်ပိုင်း တောင်ကိုရီးယားဘက်က ထုတ်ပြန်တဲ့ သတင်းဓာတ်ပုံတွေထဲမှာ အာဇာနည် ဗိမာန်က အမိုးတွေ ပွင့်ထွက်နေတာတွေ၊ မြေပြင်မှာ အလောင်းတွေ ပြန့်ကျဲနေတာတွေ၊ သွေးတွေ လွှမ်းနေတာတွေ တွေ့ကြရပါတယ်။ ကျူးလွန်သူတွေကတော့ မြောက်ကိုရီးယား ကွန်မန်ဒို ဗိုလ်မှူး ဇင်မို၊ ဗိုလ်ကြီးဆင်ကီချူးနဲ့ ဗိုလ်ကြီး ကင်မင်ချူးတို့ပဲ ဖြစ်ပါတယ်။

သိပ်ပြီးနားမလည်နိုင်ဖြစ်ရတာက ပြည်ခိုင်ဖြိုးခေါင်းဆောင် ဦးမြငြိမ်းဟာ ရန်ကုန်မှာ ပြည်သူလူထုကနေ အင်န်အယ်လ်ဒီ ပါတီကို ထောက်ခံလို့ အနီရောင်လွှမ်းနေတဲ့ ကိစ္စ၊ အာဇာနည်ဗိမ္မာန်က ဗုံးဖေါက် ခွဲမှုနဲ့ ဘာကြောင့် ခိုင်းနှိုင်းပြောဆိုရသလဲ ဆိုတာပါ။ အင်န်အယ်လ်ဒီ တွေ ဒီထက် အားကောင်းလာရင် အဲလို ဗုံးဖေါက်ခွဲမှုမျိုး ကြုံရမယ် လို့ ဆိုလိုတာလား၊ ဒါမှမဟုတ် အင်န်အယ်လ်ဒီ အနိုင် ရရင် ဒေါ်အောင်ဆန်းစုကြည် လုပ်ကြံခံရကောင်း ခံရနိုင်တယ် ဆိုပြီး အတိတ်နိမိတ် ပေးတာလား သူပဲ တိတိကျကျ သိနိုင်မှာပါ။

ဒီလို အတွေးမျိုး မတွေးကြပါနဲ့လို့လဲ ပြည်သူတွေကို ဖျောင်းဖျလို့ မရနိုင်ပါဘူး။ အကြောင်းကတော့ ၂၀၀၃ ခုနှစ် မှာဖြစ်ပွားခဲ့တဲ့ ဒီပဲရင်း လုပ်ကြံမှု အရေးအခင်းပါ။ ဒါနဲ့ ပတ်သက်ပြီးတော့လည်း ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်က သူ့ အထုပ္ပတ္တိ စာအုပ်မှာ အတိအလင်း ဝန်ခံထားပါတယ်။ အဲဒီ လုပ်ကြံမှုကြီးနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယာဉ်တန်းကို တားဆီးရမယ်၊ ဖြစ်တဲ့နည်းနဲ့ တားဆီးရမယ်လို့ ညွှန်ကြားကြောင်း၊ သူက အကြမ်းဖက် တားဆီးတာမျိုး မလုပ်သင့်ကြောင်း တင်ပြတာကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သဘောမတူတဲ့အကြောင်း၊ အဲဒါကြောင့် သူ့ကို တာဝန်မပေးတော့ပဲ ဒုတိယ ဗိုလ်ချုပ်ကြီးစိုးဝင်းကို ဦးဆောင်စေပြီး ဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့်နဲ့အတူ တာဝန်ပေးခဲ့ကြောင်း အတိအလင်း ဖော်ပြထားပါတယ်။ ဒီ ပြသနာနဲ့ ပတ်သက်ပြီး အစိုးရ အဆက်ဆက် သူတို့ လုပ်ကိုင်ဆောင်ရွက်သမျှ လုံး၀ ဝန်ခံဖူးတာ မရှိပဲ အခု ဦးခင်ညွန့်စာအုပ်မှာမှ နိုင်ငံတော်က ကြီးမှူးကျူးလွန်တဲ့ အကြမ်းဖက်မှုကြီးအဖြစ် ဝန်ခံထားသလို သူကိုယ်တိုင်လည်း တာဝန်ရှိတဲ့အကြောင်း ဝန်ခံ ရေးသားထားတာ ဖြစ်ပါတယ်။

အခု အင်န်အယ်လ်ဒီ အလံတွေ၊ တီရှပ်တွေ နီရဲနေတာကို ဦးမြငြိမ်းက အာဇာနည် ဗိမ္မာန် ဗုံးခွဲတာနဲ့ ဆက်စပ်ပြီး ရည်ညွှန်းပြောဆိုပါတယ်။ လူတစ်ယောက် နှစ်ယောက်ကို ပြောတာ  မဟုတ်ပဲ တကမ္ဘာလုံး ကြားသိနိုင်အောင် စင်မြင့်ပေါ်ကနေ ပြောတာ ဖြစ်ပါတယ်။ သူခိုင်းနှိုင်းပြောဆိုတဲ့ အဓိပ္ပါယ်တိတိကျကျ သူသာလျင် သိမှာဖြစ်ပေမယ့် ဒီပဲရင်း လုပ်ကြံမှုလိုမျိုးကို တကယ် နဖူးတွေ့၊ ဒူးတွေ့ကြုံတွေ့ခဲ့ဖူးတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ ပါတီ အတွက်ကတော့ စိုးရိမ်စရာ အလွန်ကောင်းတဲ့ အခြေအနေ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

စည်သူအောင်မြင့်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags