စစ်မှန်သည့် ထာဝစဉ်ငြိမ်းချမ်းရေးသို့

စစ်မှန်သည့် ထာဝစဉ်ငြိမ်းချမ်းရေးသို့

မိမိတို့တိုင်းပြည်သည် လွတ်လပ်ရေးနှင့်အတူ ပြည်တွင်းစစ်မီးကြီးကို တချိန်တည်းလိုလို လက်ခံယူခဲ့ရသည်။ ထို့ကြောင့် လွတ်လပ်ရေးသက်တမ်းနည်းတူ ပြည်တွင်းစစ်မီးသက်တမ်းလည်း အတူတူပင်ဖြစ် သည်။ ဤသည်မှာ အားလုံးအသိပင်ဖြစ်သည်။

ယခုလို သက်တမ်းကြာမြင့်လှပြီဖြစ်သည့် ပြည်တွင်းစစ်မီးကြီး ထာဝစဉ်ငြိမ်းသေသွားအောင် ဘယ်လိုလုပ်ကြရမလည်းဆိုသောမေးခွန်းကို မှန်ကန်စွာဖြေဖို့ဆိုသည်ကလည်း လွယ်ကူသော မေးခွန်း မဟုတ်ပြန်ပါ။ စစ်ပွဲတွေဖြစ်ရလောက်အောင်အထိ ရှိခဲ့တာဖြစ်လို့လည်း တနည်းအားဖြင့်ဆိုလျင် သွေးစွန်းသည်အထိ ဖြစ်ခဲ့သည်မို့လည်း ဖြေရှင်းရပိုမိုခက်ခဲသည့်သဘောဖြစ်သည်။

ဖြေရှင်းရခက်သည်ဆိုသော်ငြားလည်း သည်ပြဿနာက မဖြေရှင်းပဲ မွေးထား အောင်းထားလို့ကလည်း မဖြစ်ချေ။ တိုင်းပြည်ကိုတကယ်ချစ်လျင် ကိုယ့်နိုင်ငံသားတွေကို တကယ်ချစ်လျင် လက်နက်ကိုင် ရင်ဆိုင် တိုက်ခိုက်နေကြသော အဖွဲ့အစည်းများအနေဖြင့် ငြိမ်းချမ်းရေးရအောင် ဆောင်ရွက်ရမည့်တာဝန်မှာ သူတို့တွင် အဓိကတာဝန်ရှိသည်ဟု ဆိုရပါမည်။

ယခုအခါ ပြည်တွင်းငြိမ်းချမ်းရေးရအောင် တိုင်းသိပြည်သိ ကမ္ဘာသိ ကြိုးပမ်းနေကြသည်ကတော့ မြင်နေကြားနေကြရပါသည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အဆင့်လိုက် အကန့်လိုက် ပြောကြဆိုကြ တင်ပြကြ ဆွေးနွေးညှိနှိုင်းကြသည့် သတင်းများကိုလည်း ကြားကြရ မြင်ကြရပါသည်။ ကောင်းသည့် လက္ခဏာများပင်ဖြစ်ပါသည်။ ကြိုဆိုကြရမည်ပဲဖြစ်သည်။

သို့သော် တချို့သော ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးပြောဆိုမှုများ၊ ငြိမ်းချမ်းရေး ဆွေးနွေးဖေါ်ဆွေးနွေးဖက်များအချင်းချင်း ဆက်ဆံပုံဆက်ဆံနည်းများသည် ငြိမ်းချမ်းရေးရရာ ရကြောင်းလမ်းကြောင်း ကိုနှောက်နှေးစေမည်ဆိုလျင်တော့ ပြန်လည်စဉ်းစား ဆင်ခြင်သင့်တာဆင်ခြင် ပြင်ဆင်သင့်တာ ပြင်ဆင်ကြရမည်ဖြစ်ပါသည်။

ထို့ပြင် ဆွေးနွေးပုံဆွေးနွေးနည်းက အခြေခံမူတစ်ခုတည်းအပေါ်တွင် ခိုင်မာစွာမရပ်တည်ပဲ ဒီကနေ့ဒီလိုပြော နောက်တနေ့တမျိုးပြော၊ ဟိုလူက ဒီလိုပြော ဒီလူက ဟိုလိုပြော အစရှိသောဆွေးနွေးဖက် အချင်းချင်းကြား သံသယဖြစ်စရာ အပြုအမူအပြောအဆိုများ နှစ်ဘက်စလုံးတွင် ရှိနေ ရှိခဲ့သည်ဟူသော အများပြည်သူ၏ ဝေဖန်သံများကိုလည်း မိမိတို့ကြားခဲ့ကြရပါသည်။

ယခုအခါ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးအနေနှင့်မဟုတ်ပဲ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးပါဝင်သည့် ငြိမ်းချမ်းရေးလက်မှတ်ထိုးပွဲမဟုတ်ပဲ အဖွဲ့ ၇ ဖွဲ့နဲ့သာ လက်မှတ်ရေးထိုးကြမှာဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ NCCT နဲ့ SD လို့ခေါ်တဲ့ အဖွဲ့ ၂ ဖွဲ့ထဲမှာ စုစည်းထားတဲ့ အဖွဲ့ ၁၇ ဖွဲ့ထဲကမှ အဖွဲ့ ၇ ဖွဲ့ဖြစ်ပါတယ်။ ကျန် ၁၀ ဖွဲ့ကတော့ အဖွဲ့ဝင်အားလုံး တပြိုင်နက်လက်မှတ်ထိုးမှသာ သူတို့လည်း NCA လို့ခေါ်တဲ့ ငြိမ်းချမ်းရေးစာချုပ်မှာ လက်မှတ်ထိုးနိုင်မယ်လို့ ဆိုထားပါတယ်။ တချိန်တည်းမှာပဲ အစိုးရဘက်ကလည်း အဲဒီ စုစည်းမှုထဲကမှ ၆ ဖွဲ့ကို NCA လက်မှတ်ထိုးပွဲမှာ ပါဝင်ခွင့်မပေးနိုင်ဘူးလို့ ဆိုထားပြန်ပါတယ်။ အခုတော့ NCA ငြိမ်းချမ်းရေးစာချုပ်ကို ၇ ဖွဲ့ကတော့ ကနဦးလက်မှတ်ထိုးကြမယ့်သဘော ရှိပါတယ်။

ဘယ်လိုပဲဖြစ်ပစေ အကောင်းမြင်ဘက်ကကြည့်ရင် တဖွဲ့မှလက်မှတ်မထိုးပဲနေတာနဲ့စာရင် ၇ ဖွဲ့လက်မှတ်ထိုးမယ့်အခြေအနေဟာကောင်းတယ်လို့လည်းမြင်ကြတာရှိသလို ဒီလို သီးခြားခွဲပြီး လက်ခံတာ ဟာ ၁၇ ဖွဲ့စုစည်းမှုကို ညီညွတ်ရေးပျက်ပြားအောင်လုပ်သလိုဖြစ်နေတယ်လို့လည်း ထောက်ပြကြသူတွေက ထောက်ပြဝေဖန်ကြပါတယ်။ ဒီအချိန်မှာပဲ လက်နက်ကိုင်အဖွဲ့အစည်းများရဲ့တာဝန်ရာထူး အခေါ်အဝေါ်သတ်မှတ်မှုတွေအပေါ် သဘောထားပေးလာတွေလည်း ကြားလာကြရပြန်ပါတယ်။

မည်သို့ပင်ဖြစ်စေ ပြည်တွင်းငြိမ်းချမ်းရေး ချိုးဖြူငှက်ကူသံကိုတော့ မိမိတို့ပြည်သူတွေ ကြားချင်နေကြရပါြ့ပီ။ စစ်မီးတွေ အမြန်ငြိမ်းသေသွားဖို့၊ စစ်မှန်သည့် ထာဝစဉ်ငြိမ်းချမ်းရေး ရရှိဖို့အတွက် စိတ်ရှည် သီးခံပြီး အပြန်အလှန်လေးစား၊ အပြန်အလှန် အသိအမှတ်ပြု၊ အပြန်အလှန် ယုံကြည်မှုအပေါ် အတိအကျရပ်တည်လိုက်နာခြင်းဖြင့် ငြိမ်းချမ်းရေးရအောင်ယူနိုင်ကြပါစေလို့ တိုက်တွန်းနှိုးဆော်လိုက် ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags