ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် အိမ်ထောင်စု တစ်ထောင်ကျော် ရွှေ့ပြောင်းထားရ

ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် အိမ်ထောင်စု တစ်ထောင်ကျော် ရွှေ့ပြောင်းထားရ
ဓာတ်ပုံ - (ကိုကိုအောင်/မဇ္ဈိမ)

မန္တလေး၊ဇူလိုင် ၂၀ ။             ။ ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၃ မြို့နယ်မှ အိမ်ထောင်စု ၁၂၆၉ စုမှ လူဦးရေ ၅၈၈၉ ဦးကို ရေလွတ်ရာသို့ ပြောင်းရွှေ့ပေးထားရသည်ဟု မန္တလေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအေးမင်းသူက ပြောသည်။

"ရေလွတ်ရာကို ယာယီပြောင်းရွှေ့နေထိုင်နိုင်ဖို့ ဆောင်ရွက်ပေးထားပါတယ်။ ဆန်နဲ့စားစရာ ၇ ရက်စာလည်း ကူညီပေးထားပါတယ်။ လိုအပ်တဲ့ပစ္စည်းတွေလည်း ကူညီပေးသွားပါမယ်။"ဟု ဦးအေးမင်းသူက ပြောသည်။

တံတားဦးမြို့နယ်မှ ၁၀၈ ဦး၊ စဉ့်ကူးမြို့နယ်မှ ၆၈၈ ဦးနှင့်သပိတ်ကျင်းမြို့နယ်မှ လူဦးရေ ၅၀၉၃ ဦးတို့ကို ရေလွတ်ရာ ဘုန်းတော်ကြီးကျောင်းများ၊ အခြေခံပညာကျောင်းများတွင် ယာယီနေထိုင်ရန် ရွှေ့ပြောင်းပေးထားပြီး ကျန်းမာရေးစောင့်ရှောက်မှုများလည်း ပေးထားကြောင်း သိရသည်။

ဧရာဝတီမြစ်ရေ ဝင်ရောက်မှု စိုးရိမ်ရသည့်ကျေးရွာများကိုလည်း ဆက်လက်ရွှေ့ပြောင်းပေးနိုင်ရေးလည်း ဆောင်ရွက်နေကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် လူမှုပရဟိတအသင်းများမှ ကူညီရွှေ့ပြောင်းနေသည့် စာရင်းကိုလည်း ကောက်ယူနေပြီး ဆန်နှင့် စားသောက်စရာများ ထောက်ပံ့ကူညီနိုင်ရေးအတွက်လည်း ဆောင်ရွက်နေကြောင်းသိရသည်။

လက်ရှိတွင် ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် မြစ်ကမ်းတစ်လျှောက် မြို့များတွင် မြစ်ရေအန္တရာယ် စိုးရိမ်နေရပြီး မြို့ကြီးအချို့တွင် စိုးရိမ်ရေမှတ်ထက် ကျော်လွန်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required