ဗီယက်နမ်ကာကွယ်ရေးဦးစီးဌာနက မြန်မာနိုင်ငံတွင် ကုန်စည်ပြပွဲ ပြုလုပ်

By သဇင်လတ်
18 July 2019
ဗီယက်နမ်ကာကွယ်ရေးဦးစီးဌာနက မြန်မာနိုင်ငံတွင် ကုန်စည်ပြပွဲ ပြုလုပ်

ရန်ကုန် ဇူလိုင် ၁၈ ။        ။ ဗီယက်နမ်ကာကွယ်ရေးဦးစီးဌာနနှင့်  ဗီယက်နမ် စက်မှုကုန်သွယ်ရေးဦးစီးဌာနတို့မှ  ပြုလုပ်သည့် ကုန်စည်ပြပွဲကို ရန်ကုန်မြို့ရှိ တပ်မတော်ခန်းမတွင် ဇူလိုင်လ ၁၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး ဗီယက်နမ်စစ်တပ်နှင့် ပတ်သက်သည့်  ကုမ္ပဏီများမှ ထုတ်လုပ်သည့် လူသုံးကုန်ပစ္စည်းများကို အဓိကပြသခဲ့သည်။

အဆိုပါ ကုန်စည်ပြပွဲသည် ဗီယက်နမ်ကာကွယ်ရေးဦးစီးဌာနှမှ ပထမဦးဆုံးကျင်းပသည့် ကုန်စည်ပြပွဲဖြစ်ပြီး မြန်မာနိုင်ငံနှင့် ဗီယက်နမ် နှစ်နိုင်ငံ ချစ်ကြည်ရေးကို အထူးအားဖြည့်ပေးရန် ရည်ရွယ်သည်ဟု သိရသည်။

"ကာကွယ်ရေးဝန်ကြီးဌာနမှာရှိတဲ့ ကုမ္ပဏီတွေပေါ့   ပုဂ္ဂလိကလုပ်ငန်းဆန်ဆန်လုပ်တဲ့ ကုမ္ပဏီတွေရဲ့ လုပ်ငန်းတွေ တော်တော်များများလာပြတာတွေ့တယ်။ ပြီးတော့ ဗီယက်နမ်နိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်တဲ့ Private လို ကုမ္ပဏီမျိုးတွေလည်း ပါတယ်။ သူတို့အားလုံးပေါင်းပြီး ဒီမှာလာပြတယ်" ဟု ပြပွဲတွင်ပါဝင်ပြသသည့် ကုမ္ပဏီများနှင့် ပတ်သက်ပြီး Vietnam Trade Fair ၏ Co Organizer ဖြစ်သူ ဦးမျိုးသန့်က ပြောသည်။

ပြသထားသည့် ကုန်ပစ္စည်းများထဲတွင်  လက်မှုပစ္စည်းများ၊ သားရေလုပ်ငန်းနှင့် စက်စပ်ပစ္စည်းများ၊ အစားအစာများ၊ အီလက်ထရာနစ်ပစ္စည်းများနှင့် အခြားလူသုံးများသော လူသုံးကုန်ပစ္စည်းများ ပါဝင်သည်။

 ဗီယက်နမ်ကုန်စည်ပြပွဲတွင်  ဗီယက်နမ်နှင့်  မြန်မာနိုင်ငံမှ ပါဝင်ပြသသူ ၇၀ ကျော်က ပူးပေါင်းပါဝင်ပြသခဲ့ပြီး ဆိုင်ခန်းပေါင်း၁ဝဝကျော်ထဲတွင် မြန်မာနိုင်ငံမှ ဆိုင်ခန်း ၅ ခန်းပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required