မကွေးတွင် ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားသူ ၉ ဦးရှိပြီး တစ်ဦးသေဆုံး

မကွေးတွင် ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားသူ ၉ ဦးရှိပြီး တစ်ဦးသေဆုံး

မကွေး၊ ဇူလိုင် ၁၈ ။       ။ မကွေးတိုင်းဒေသကြီးတွင် Seasonal Influenza ဓါတ်ခွဲအတည်ပြုချက်အရ ရာသီတုပ်ကွေး ရောဂါ ဖြစ်ပွားသူ (၉)ဦးရှိပြီး သေဆုံးသူ(၁) ဦးရှိကြောင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနက သိရသည်။

မကွေးတိုင်းတွင်၂၀၁၉ခုနှစ် ဇူလိုင်လ(၁၇)ရက်နေ့အထိ ဓါတ်ခွဲစစ်ဆေးချက်အရ သံသယလူနာ(၁၉)ဦးရှိပြီး (၉)ဦးမှာ H1N1 ပိုး တွေ့ရှိခဲ့ကြောင်း ဖြစ်ပွားမှုများအရ အောင်လံမြို့နယ်တွင် (၆)ဦး၊ သရက်မြို့နယ်တွင် (၂) ဦး၊ နတ်မောက်မြို့နယ်တွင် (၁)ဦးဖြစ်ခဲ့ကာ အောင်လံမြို့နယ်မှ အသက်(၉)နှစ်အရွယ်ကလေး(၁)ဦး သေဆုံး ခဲ့ကြောင်း တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ခင်မောင်သန်းက ပြောသည်။

“ရာသီတုပ်ကွေး ကာကွယ်ရေးလုပ်ငန်းနှင့် ပတ်သက်၍ စောင့်ကြပ်ကြည့်ရှုသည့်လုပ်ငန်း၊ ကြိုတင်ကာကွယ်ရေး လုပ်ငန်း၊ ချက်ခြင်းတုန့်ပြန်ဆောင်ရွက်သည့်လုပ်ငန်းများ လုပ်ဆောင်လျှက်ရှိပါတယ်။ ဆောင်ရွက်တဲ့ အခါ သက်ဆိုင်ရာ မြို့နယ်များမှာ ရောဂါလက္ခဏာအစုအလိုက် စောင့်ကြပ်ကြည့်ရှုတဲ့ လုပ်ငန်းများရှိသလို လိုအပ် ရင် ချက်ခြင်းသွေးဖောက်စစ်ဆေးတဲ့ ကိရိယာများ ဖြန့်ဝေထားရှိပြီး ဦးတည်အုပ်စုအလိုက် ပညာပေး လုပ်ငန်းများ ဆောင်ရွက်လျှက်ရှိပါတယ်”ဟု ဒေါက်တာခင်မောင်သန်းက ဆက်ပြောသည်။

ထို့အပြင် ပညာပေးလုပ်ငန်းများအဖြစ် လက်ကမ်းစာစောင်များ  ဖြန့်ဝေပေးခြင်း ပိုစတာ ဗီနိင်းများ ကပ်ခြင်း တို့ကို ဆောင်ရွက်နေပြီး အောင်လံမြို့နယ်၊ သရက်မြို့နယ် ၊ နတ်မောက်မြို့နယ်တို့တွင် H1N1နှင့် ပတ်သက်၍ ပညာပေး လုပ်ငန်းများ လုပ်ဆောင်နေကြောင်း တိုင်းကျန်းမာရေးဦးစီးဌာနမှ သိရသည်။

“ဒီရာသီတုပ်ကွေးရောဂါဟာ ကုသခြင်းထက် ကြိုတင်ကာကွယ်ခြင်းက ပိုထိရောက်ပါတယ်။ အဓိက ရောဂါ ကာကွယ်ဖို့အတွက် တစ်ကိုယ်ရည် သန့်ရှင်းဖို့နဲ့ လက်ဆေးဖို့အရေးကြီးပါတယ်။ ပြီးတော့ အိပ်ရေးဝအောင် အိပ်ရမယ်။ အစားအသောက် အဟာရပြည့်ပြည့်စုံစုံစားရမယ်။ ဒါဆို ကာကွယ်ပြီးသားဖြစ်တယ်” ဟု ဒေါက်တာခင်မောင်သန်းက ဆိုသည်။

မကွေးတိုင်းဒေသကြီးတွင် ၂၀၁ရခုနှစ်က ရာသီတုပ်ကွေးရောဂါဖြစ်ပွားသူ (၂၀)ဦးရှိခဲ့ပြီး (၂)ဦး သေဆုံး ခဲ့ကြောင်း၊ ၂၀၁၈ခုနှစ်တွင် ရောဂါဖြစ်ပွားသူ မရှိခဲ့သော်လည်း ယခု၂၀၁၉ခုနှစ်တွင် ဖြစ်ပွားသူ(၉)ဦးရှိပြီး သေဆုံးသူ(၁)ဦးရှိကြောင်း သိရသည်။

    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required