ဆူဒန် ဆန္ဒပြသူတွေနဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်တွေ အာဏာခွဲဝေမှု သဘောတူညီချက် လက်မှတ် ရေးထိုး

ဆူဒန် ဆန္ဒပြသူတွေနဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်တွေ အာဏာခွဲဝေမှု သဘောတူညီချက် လက်မှတ် ရေးထိုး

ခါသွမ်၊ ဇူလိုင် ၁၇ ။       ။ ဆူဒန်နိုင်ငံမှာ အရပ်သားအစိုးရ ဖွဲ့စည်းနိုင်ရေးကို ရည်ရွယ်ပြီး ဆန္ဒပြသူတွေနဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေဟာ အာဏာခွဲဝေမှု သဘောတူညီချက်ကို ဇူလိုင် ၁၇ ရက်က လက်မှတ် ထိုးလိုက်ကြပြီ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ သုံးလက သမ္မတ  အိုမာအယ်ဘာရှားကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းလိုက်ကတည်းက ဆန္ဒပြသူတွေဟာ အရပ်သားအစိုးရထံ အာဏာလွှဲပြောင်းပေးဖို့ အဓိက တောင်းဆိုနေခဲ့ကြတာပါ။

အထွေထွေ မကျေနပ်ချက်တွေကြောင့် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းမှာ သမ္မတ ဘာရှားကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ ဖြစ်ပွားပေါ်ပေါက်ခဲ့တာ ဖြစ်ပေမယ့် စစ်တပ်က ဘာရှားကို ဧပြီ ၁၁ ရက်မှာ ဖြုတ်ချလိုက်ပေမယ့် ဆန္ဒပြမှုတွေဟာ ရပ်မသွားဘဲ အရပ်သားအစိုးရ ပေါ်ပေါက်ရေး တောင်းဆိုရင်း ဆက်လက်ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

အဲဒီလို နိုင်ငံရေး လိပ်ခဲတည်းလည်း ပြဿနာကို လနဲ့ချီ ကြုံနေရတာဖြစ်တဲ့ ဆူဒန်အတွက် အခု အာဏာခွဲဝေမှု သဘောတူညီချက်ဟာ လမ်းကြောင်းသစ် အပြောင်းအလဲအဖြစ် ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။

ဒီ သဘောတူညီချက်ဟာ ဆူဒန်အတွက် သမိုင်းဝင် ဖြစ်ရပ်ပါပဲလို့ စစ်ဗိုလ်ချုပ်ကြီးတွေ ကိုယ်စား သဘောတူညီချက်မှာ လက်မှတ်ထိုးတဲ့ စစ်ကောင်စီ လက်ထောက်အကြီးအကဲ ဗိုလ်ချုပ်ကြီး မိုဟာမတ်ဟမ်ဒန်ဒါဂါလိုက ပြောပါတယ်။

သဘောတူညီချက်မှာ လက်မှတ်ထိုးလိုက်ပြီးနောက်မှာ ဒါဂါလိုက “နိုင်ငံရဲ့ လက်နက်ကိုင်တပ်တွေနဲ့ ဂုဏ်ယူဖွယ် တော်လှန်ရေးက ခေါင်းဆောင်တွေကြားမှာ မဟာမိတ်ဖွဲ့တဲ့ ခေတ်သစ်ကို ထူထောင်လိုက်တာပဲ ဖြစ်ပါတယ်။”လို့ ပြောခဲ့ပါတယ်။

 
    
    
    

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly