အိန္ဒိယမှာ အဆောက်အအုံပြိုကျလို့ လူ ၂ ဦးသေဆုံးပြီး လူ ၄၀ ကျော် ပိတ်မိနေ

အိန္ဒိယမှာ အဆောက်အအုံပြိုကျလို့ လူ ၂ ဦးသေဆုံးပြီး လူ ၄၀ ကျော် ပိတ်မိနေ

ဇူလိုင် ၁၆ ။        ။ အိန္ဒိယနိုင်ငံ ဘဏ္ဍာရေးအချက်အချာမြို့ မွမ်ဘိုင်းမှာ ဇူလိုင် ၁၆ ရက်က အဆောက်အအုံတစ်လုံး ပြိုကျခဲ့ရာ လူ နှစ်ဦး သေဆုံးပြီး လူ ၄၀ ကျော် ပိတ်မိနေလျက် ရှိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒါဟာ သီတင်းပတ်နှစ်ပတ်အတွင်း အလားတူ ဒုတိယမြောက် အဖြစ်ဆိုးတစ်ရပ်နဲ့ ကြုံတွေ့လိုက်ရတာလည်း ဖြစ်ပါတယ်။

မွမ်ဘိုင်းမြို့မှာ ယခု ရက်ပိုင်းအတွင်း မုတ်သုံမိုး သည်းထန်စွာ ရွာသွန်းနေလျက် ရှိချိန် ယခုလို အဖြစ်ဆိုးတစ်ခု ပေါ်ပေါက်လာခြင်းလည်း ဖြစ်ပါတယ်။

“ ခုကတော့ သေဆုံးသူ နှစ်ဦး ရှိပါတယ်၊ လူ ၄၀ ကျော်ကတော့ အပျက်အစီး အပုံတွေအောက် ပိတ်မိနေပါတယ်” လို့ သဘာဝဘေး စီမံခန့်ခွဲမှု ဌာန  ပြောရေးဆိုခွင့် ရှိသူ တာနာဂျီး ခမ်ဘဲလ်က ပြောပါတယ်။

မွမ်ဘိုင်းမြို့တောင်ပိုင်းက လူနေကျပ်သိပ်တဲ့ ဒေါင်ဂရီ ဧရိယာမှာ ယခု အဆောက်အအုံ ပြိုကျမှု ဖြစ်ခဲ့တာဖြစ်တယ်လို့ ၎င်းက ပြောပါတယ်။

လက်ရှိအချိန်မှာ ကလေး နှစ်ဦးအပါအဝင် လူငါးဦးကို ကယ်ထုတ်ထားနိုင်ပြီး ဆေးရုံကို တင်ပို့ထားတယ်လို့ ဆိုပါတယ်။

ယခုလ အစောပိုင်းတုန်းကလည်း ယင်းမြို့မှာပဲ နံရံတစ်ခု ပြိုကျလို့ လူ ၂၉ ဦး သေဆုံးတဲ့ ဖြစ်စဉ်တစ်ရပ်လည်း ဖြစ်ထားခဲ့ပါသေးတယ်။

ယခု ပြိုကျသွားတဲ့ အဆောက်အအုံကတော့ သက်တမ်းအားဖြင့် ရာစုနှစ်တစ်စုပင် ကျော်နေပြီ ဖြစ်ကြောင်း၊ ခုလို စိတ်မချရတဲ့ အခြေအနေ ရှိနေခဲ့ပေမယ့် ယင်း အဆောက်အအုံမှာ မိသားစု ဆယ်စု နေထိုင်နေခဲ့ကြကြောင်း ဒေသခံတစ်ဦးက ပြောသွားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly