ရန်ကုန်၊ ဇူလိုင် ၁၅ ။ ။ ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နမိတ်အတွင်းရှိ စျေး ၂၁ ခုကို အဆင့်မြှင့်တင်မည်ဖြစ်ပြီး PPP (Public Private Partnership) စနစ်ဖြင့် တင်ဒါ ခေါ်ယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ယနေ့ ဇူလိုင် ၁၄ ရက်နေ့က ရန်ကုန်မြို့၊ မြို့တော်ခန်းမတွင်ပြုလုပ်သော ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၏ ဒုတိယအကြိမ်မြောက် အပတ်စဉ်သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောဆိုလိုက်ခြင်း ဖြစ်သည်။
“ ဘာကြောင့် စျေးတွေ အဆင့်မြင့်တင်နေတာလဲဆိုရင် တစ်အချက် စျေးတွေ အဆင့်မြင့်လာမယ်၊ နှစ် ပစ္စည်းအမျိုးအစား ရောင်းကုန်အမျိုးအစားလိုက် တစ်ဆင့်ချင်းစီ ကန့်သတ်ပေးပြီး လိုချင်တဲ့ပစ္စည်းကို လိုချင်တဲ့နေရာမှာ လွယ်ကူစွာ တက်ဝယ်ယူနိုင်ဖို့ပါ။ သားငါးစျေးတွေကို အောက်ထပ်မှာ ထားမယ်။ လမ်းဘေးစျေးသည်လည်း ပပျောက်သွားအောင်၊ စျေးတွေလည်း စနစ်ကျသွားအောင် အဆင့်မြှင့်တင်ရတာပါ။ အဆင့်မြှင့်တင်တဲ့နေရာမှာ နိုင်ငံတော်ဘတ်ဂျက် မပါရအောင် PPP စနစ်နဲ့လည်း လုပ်ဖို့ ရှိပါတယ်။ ပြီးရင် စျေးတွေကို စီမံခန့်ခွဲတဲ့အခါမှာ ပိုပြီး စနစ်ကျဖို့အတွက် Operator System နဲ့လည်း သွားဖို့ စီစဉ်ထားပါတယ် '' ဟု ရန်ကုန်စည်ပင်သာယာရေး ကော်မတီ၊ တွဲဖက်အတွင်းရေးမှူး ဦးသန်းက ပြောသည်။
ရန်ကုန်စည်ပင်သာယာရေးနယ်နမိတ်အတွင်း ၁၇၆ စျေးရှိပြီး ရန်ကုန်မြို့တော်စည်ပင်အောက်ရှိ စျေးများ အဆင့်မြှင့်တင်ရန်နှင့် ၂၁ စျေးကို ဦးစားပေးပြင်ဆင်ရန် ၂၀၁၇ ခုနှစ်၊ ဧပြီ ၂၆ ရက်က ကျင်းပသည့် ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေး၌ တိုင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောဆိုထားသည်။
ထိုသို့ စျေးများကို ယခင်ကာလပိုင်းက အဆင်မြှင့်တင်ခဲ့သော်လည်း ရောင်းသူ၊ ဝယ်သူများက စျေးကို အသုံးမပြုသောကြောင့် စျေးတည်ဆောက်ပုံစနစ် ပြောင်းလဲရန် စီစဉ်နေသည်ဟု စည်ပင်မှ သိရသည်။
''နှစ်ထပ်စျေးတွေကို ဆောက်ရတဲ့ အခြေအနေက လမ်းဘေး စျေးသည်တွေကို အပေါ်ထပ်မှာ နေရာ အကန့်အသတ်နဲ့ ထားချင်တာပါ။ ၂၀၀၇ ခုနှစ်ကတည်းက ဘတ်ဂျက်မရှိလို့ မပြင်ခဲ့ရတာ စျေးတွေက ချွတ်ခြုံကျတဲ့အနေအထားကို ရောက်နေပြီ။ နှစ်ထပ်စျေးကို ဆောက်တဲ့အချိန်မှာ စျေးသည်ရဲ့ သဘော သဘာဝအရ မူလနေရာအတိုင်း လိုချင်တာပါ။ ကျွန်တော်တို့ရဲ့ အားနည်းချက်ကြောင့် စျေးဝယ်သူတွေလည်း မတက်ချင်တာကြောင့် ဒီလို စျေးမျိုးကို နောက်ပိုင်း မဆောက်တော့ဘူး။ ထပ်ဆောက်တာက အလုံမှာ ဆောက်ထားတဲ့ စျေးမျိုးပါ။''ဟု စျေးများဌာန၊ ဌာနမှူး ဦးသန်းထိုက်က ပြောသည်။
ဓာတ်ပုံ - ထွန်းထွန်းဝင်း
သိမ်ကြီးစျေး၊ ကြည့်မြင်တိုင်ညစျေး၊ စံပြစျေး၊ တာမွေ ယာယီစျေး၊ ပုဇွန်တောင်စျေး၊ နန္ဒာဝန်စျေး၊ ဘိုကလေးစျေး များ အပါအဝင် ၂၁ စျေး ကို အဆင့်မြှင့်တင်နိုင်ရန် ၂၀၁၇ ခုနှစ်တည်းက စီစဉ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် အကောင်အထည်ဖော်ရန် လုပ်ဆောင်လာခြင်း ဖြစ်သည်။