မင်္ဂလာဒုံမြို့နယ်၌ အလောင်း ၃ လောင်းတွေ့ရှိမှုမှာ လူမှောင်ခိုကူးခံရသူများဟု ယူဆရ

မင်္ဂလာဒုံမြို့နယ်၌ အလောင်း ၃ လောင်းတွေ့ရှိမှုမှာ လူမှောင်ခိုကူးခံရသူများဟု ယူဆရ
ဓာတ်ပုံ- မြန်မာနိုင်ငံရဲတပ်ဖွဲ့

ရန်ကုန်၊ ဇူလိုင် ၁၄ ။         ။ ယမန်နေ့ ဇူလိုင်လ ၁၃ ရက်၊ နံနက် ၈ နာရီခွဲချိန်တွင် မင်္ဂလာဒုံမြို့နယ်၊ လှော်ကားလမ်းဘေး၌  အလောင်း ၃ လောင်း တွေ့ရှိခဲ့မှုမှာ အလုံပိတ်ယာဉ်(သို့)ယာဉ်နောက်ဖုံးအတွင်း ထည့်သယ်လာသဖြင့် လေမွန်းကြပ် သေဆုံးသည့်လက္ခဏာရှိသော လူမှောင်ခိုကူးခံရသူများဖြစ်နိုင်သည်ဟု ယူဆကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ထုတ်ပြန်သည်။

အမည်/နေရပ်/ မိသားစု(စိစစ်ဆဲ) အသက်(၂၀)ခန့်စီဝန်းကျင်ရှိအလောင်း ၃ လောင်း(အမျိုးသား ၂၊ အမျိုးသမီး ၁) တွေ့ရှိ၍ သွားရောက်စစ်ဆေးခဲ့ရာ အမျိုးသမီး ၁ ဦးအား ပက်လက်အနေအထားဖြင့် လည်းကောင်း၊ အမျိုးသား ၂ ဦးအားမှောက်ခုံထပ်လျက် အနေအထားဖြင့်လည်းကောင်း ပြင်ပဒဏ်ရာ တစ်စုံတရာမတွေ့ရှိဘဲ သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ရသည်။

အင်းစိန်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ကနဦး ဆေးစစ်ဆေးချက်များအရ အစာအိမ်တွင် အစာမရှိကြောင်း၊ အဆုတ် လေမွန်းကြပ်၍သေဆုံးခြင်းဖြစ်ပြီး ဦးခေါင်းပိုင်းနှင့်ခန္ဓာကိုယ်တို့တွင် သေစေလောက်သည့် ပြင်ပဒဏ်ရာ ထိုးသွင်းဒဏ်ရာများ မရှိကြောင်း၊ ၎င်းတို့၏အနီးတွင် မစားရသေးသော ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ထားသည့် ထမင်းထုပ် ၃ ထုပ်နှင့် အလောင်းများတွင် သဲများကပ်နေသည်ကိုတွေ့ရှိရသဖြင့် တစ်နေရာရာတွင် သေဆုံးခဲ့ပြီးသဲတင်ကားဖြင့် တင်ဆောင်လာကာစွန့်ပစ်ထားခြင်းဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

အဆိုပါ ရုပ်အလောင်း ၃ လောင်းကို အင်းစိန် CID မှလည်း လာရောက်စစ်ဆေးခဲ့ပြိး မှုခင်းစစ်ဆေးမှုများ ပြုလုပ်နိုင်ရန် ပုလဲအရန်မီးသတ်ဖွဲ့မှ အင်းစိန်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ထောက်ကြန့်နယ်မြေရဲစခန်း၌ ဥပဒေနှင့်အညီအမှုဖွင့်ကွင်းဆက် စစ်ဆေးလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required