အိုးဘိုထောင်မှ တက္ကသိုလ်ဝင်တန်း ဖြေဆို၊ အောင်မြင်ခဲ့သည့် ကျောင်းသား/သူ ၄၂ဦးကို ဂုဏ်ပြု

အိုးဘိုထောင်မှ တက္ကသိုလ်ဝင်တန်း ဖြေဆို၊ အောင်မြင်ခဲ့သည့် ကျောင်းသား/သူ ၄၂ဦးကို ဂုဏ်ပြု

မန္တလေး(ဇူလိုင် ၁၃ရက်၊ ၂၀၁၉ခုနှစ်)။ ။ ၂၀၁၈-၁၉ ပညာသင်နှစ်တွင် မန္တလေးဗဟိုအကျဉ်းထောင်(အိုးဘို)မှ တက္ကသိုလ်ဝင်တန်း ဖြေဆို၊ အောင်မြင်ခဲ့သည့် အကျဉ်းကျ ကျောင်းသား၊ ကျောင်းသူ ၄၂ဦးအား အဆိုပါ အကျဉ်းထောင် ခန်းမတွင် ဇူလိုင်လ ၁၃ရက်၊ နံနက် ၉နာရီက အခမ်းအနားဖြင့် ဂုဏ်ပြုခဲ့သည်။

မန္တလေးဗဟိုအကျဉ်းထောင်(အိုးဘို)တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ၇၂ဦးအနက် နှစ်ဘာသာဂုဏ်ထူးရှင် ၃ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် (၁၁)ဦးနှင့် ရိုးရိုးအောင်မြင်သူ (၂၈)ဦး၊ စုစုပေါင်း ၄၂ဦး အောင်မြင်ခဲ့ခြင်း ဖြစ်သည်။

“ထောင်ပိုင်ကြီး၊ ဝန်ထမ်းတွေကအစ အပြင်ကနေ လာသင်ပေးတဲ့ ဆရာ၊ ဆရာမတွေရော၊ ထောင်ထဲက ဆရာ၊ ဆရာမတွေရော၊ အပြင်ကနေ ပညာဒါနလာသင်ပေးတဲ့သူတွေရော အဆင်ပြေတယ်။ သေချာသင်ကြားပေးပါတယ်။ ဒါကြောင့်လည်း အခုလို အောင်ခဲ့တာပါ” ဟု နှစ်ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သူ ကိုရဲသူအောင်က ပြောသည်။

အခမ်းအနားတွင် စာမေးပွဲအောင် အကျဉ်းကျ ကျောင်းသားကျောင်းသူများအပြင် အကျဉ်းသား အကျဉ်းသူ ဆရာ ဆရာမ (၂၃)ဦး ၊ အခြေခံပညာဦးစီးဌာန မှ ဆရာ ဆရာမ (၁၁) ဦး၊ ပညာဒါန ဆရာ ဆရာမ (၁၄) ဦး တို့ကိုလည်း ဂုဏ်ပြုဆုများ ပေးအပ်ခဲ့သည်။

ယခင်က စာမေးပွဲဖြေဆိုမည့် အကျဉ်းသား/သူများအနေဖြင့် အင်းစိန်အကျဉ်းထောင်စာစစ်ဌာနတွင် သွားရောက်ဖြေဆိုရပြီး ၂၀၁၆ - ၂၀၁၇ ပညာသင်နှစ်မှစတင်၍ မန္တလေးဗဟို အကျဉ်းထောင် (အိုးဘို) တွင် စာစစ်ဌာန တစ်ခုဖွင့်၍ ဖြေဆိုစေခဲ့ခြင်းဖြစ်သည်။

မန္တလေးအိုးဘိုအကျဉ်းထောင် က ၂၀၁၆ - ၂၀၁၇ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းအတွက် ၁၁ ဦးဝင်ရောက်ဖြေဆိုခဲ့ပြီး သုံးဘာသာ ဂုဏ်ထူးထွက်သူတစ်ဦး အပါအဝင် ၇ ဦးအောင်မြင်ခဲ့သည်။

၂၀၁၇ - ၂၀၁၈ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းအတွက် ၅၅ ဦးဝင်ရောက်ဖြေဆိုရာတွင်လည်း သုံးဘာသာဂုဏ်ထူး (၄) ဦး၊ နှစ်ဘာသာဂုဏ်ထူး (၄) ဦး ၊ တစ်ဘာသာဂုဏ်ထူး (၁၃) ဦး နှင့် ရိုးရိုးအောင် (၆) ဦး ရှိခဲ့ကြောင်းသိရသည်။

အဆိုပါ တက္ကသိုလ်ဝင်တန်း အောင်မြင်သူများကို ဂုဏ်ပြုပွဲ အခမ်းအနားသို့ အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပညာဒါနပြုသူများ၊ အလှူရှင်များ၊ တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများ၏ မိဘဆွေမျိုးများ တက်ရောက်ခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required