အောက်တိုဘာ ၁၀၊ ရန်ကုန်။ ။ ဧရာဝတီအသင်းမှ မြန်မာ့လက်ရွေးစင် ကွင်းလယ်ကစားသမား ကျော်မင်းဦးကို လာမည့် ၂၀၁၆ ဘောလုံးရာသီအတွက် ခေါ်ယူရန် ရန်ကုန်ယူနိုက်တက် အသင်းအနေဖြင့် အကြိုသဘောတူညီမှု ရရှိထားသည် ဟု ရန်ကုန်အသင်း အထွေထွေမန်နေဂျာ ဦးကျော်လင်းထွေးက ပြောသည်။
ကျော်မင်းဦးသည် မန္တလေးအကယ်ဒမီမှ ထွက်ပေါ်လာသောကစားသမားဖြစ်ပြီး သက်တမ်းအလိုက် လက်ရွေးစင်အသင်းများတွင် ရွေးချယ်ခံခဲ့ရကာ ၂၀၁၅ အာဆီယံလူငယ်အကောင်းဆုံး ကစားသမားဆု ဆန်ကာတင် သုံးဦးစာရင်းတွင် ပါဝင်ခဲ့သည့် ကစားသမားတစ်ဦးလည်းဖြစ်သည်။
“ ကျော်မင်းဦးက သူအသင်းပြောင်းမယ် ဆိုလို့ပါ။ သူက လာမယ်လို့တော့ ပြောပါတယ်။ ဒါပေမယ့် တစ်ဖက်အသင်းမှာ စာချုပ်ကိစ္စ ပြေလည်ပြီးမှပါ။ ကျွန်တော်တို့ကတော့ သူ့ကို ခေါ်ဖို့ရှိပါတယ်။ ကွင်းလယ်မှာ ရန်အောင်ကျော်နဲ့ တွဲကစားလို့ အဆင်ပြေနိုင်ပါတယ်။ အသင်းမှာ ပြည်တွင်းကစားသမားတွေ များနေပြီ ဆိုတော့ နောက်ထပ်တော့ ထပ်ခေါ်ဖို့ အစီအစဉ် မရှိသေးပါဘူး။ နောက်နှစ်တွေမှာလည်း အသင်းအောင်မြင်ဖို့ အကောင်းဆုံး ပြင်ဆင်မှုလုပ်သွားမှာပါ ” ဟု ဦးကျော်လင်းထွေးက ပြောသည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ၂၀၁၅ ဘောလုံးရာသီတွင် မြန်မာ ယူ-၂၀ လက်ရွေးစင်အသင်းမှ ငြိမ်းချမ်းအောင်၊ သီဟထက်အောင် စသည့် ကစားသမားများကိုလည်း ခေါ်ယူစာချုပ်ထားသည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် လက်ရှိ မြန်မာနေရှင်နယ်လိဂ်တွင် ပွဲစဉ် ၁၉ ပွဲကစားပြီးချိန်၌၁၆ ပွဲနိုင် ၁ ပွဲသရေ ၂ ပွဲရှုံးပွဲရလဒ်ဖြင့် ရမှတ် ၄၉ မှတ် ရရှိကာ အမှတ်ပေးဇယားထိပ်ဆုံးတွင် ဦးဆောင်လျက်ရှိသည်။