တောင်တွင်းကြီးတွင် ကျောင်းသား ကျောင်းသူများအတွက် ကုသိုလ်စုဗူး Food Box ဖွင့်လှစ်

တောင်တွင်းကြီးတွင် ကျောင်းသား ကျောင်းသူများအတွက် ကုသိုလ်စုဗူး Food Box ဖွင့်လှစ်
 ဓာတ်ပုံ - အောင်ကျော်ကျော်(တောင်တွင်းကြီး)

မကွေး၊ ဇူလိုင် ၈ ။         ။ “ကုသိုလ်စုဗူး” အမည်ရှိ Food Box ကို ကျောင်းသား၊ ကျောင်းသူများအတွက် အဓိကရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွားကျေးရွာ၊ အမှတ်(၁) ရပ်ကွက်၊ ရွာလယ် လမ်းမတော်လမ်းတွင် ဖွင့်လှစ်ထားရှိကြောင်း သိရသည်။

တောင်တွင်းကြီးမြို့၊ ဆတ်သွားကျေးရွာတွင် နေထိုင်သော ကိုဌေးလှိုင်၊မခင်မျိုးသူ မိသားစုက ကုသိုလ်စုဗူး Food Box  ကို လှူဒါန်းခဲ့ခြင်း ဖြစ်သည်။
 

“ကျွန်တော်တို့ရဲ့အိမ်ဘေးက ပုပ္ပါးရုံအ.မ.က ကျောင်းမှကျောင်းသူ ကျောင်းသားတွေ၊ အိမ်ရှေ့က ဖြတ်သွားကြတဲ့ မူကြိုကျောင်းက ရင်သွေးငယ်တွေ၊ အခြားကျေးရွာများက ဆတ်သွား အ.ထ.ကကို ကျောင်းတက်လာကြတဲ့ ကျောင်းသူ၊ ကျောင်းသားတွေ၊ ဒီအပြင် ဘော်ဒါအသီးသီးက ကျောင်းသူ၊ ကျောင်းသားလေးတွေနဲ့၊ ပတ်ဝန်းကျင်မှာရှိတဲ့ ပြည့်စုံမှုမရှိသူများ၊ အားနည်းသူများကို ကူညီ ပေးခြင်း ဖြစ်ပါတယ်။ အနာဂတ်ရဲ့ရင်သွေငယ်များကို မျှဝေခြင်း (Sharing) လုပ်တတ်စေဖို့ ရည်ရွယ်ခြင်းဖြစ်ပါတယ်” ဟု အလှူရှင် ကိုဌေးလှိုင်က ပြောသည်။

အဆိုပါ Food Box ထဲတွင် ကျောင်းသုံးစာရေးကိရိယာများဖြစ်သော ခဲတံ၊ ဘောပင်၊ စာအုပ်များအပြင် တစ်ပတ်လျှင် နှစ်ရက် တနင်္လာနေ့ နံနက် ကျောင်းမတက်မီနှင့် သောကြာနေ့ညနေ ကျောင်းဆင်းချိန်များ၌ မုန့်ဖိုး မပါသည့် ကျောင်းသူ၊ ကျောင်းသားများအတွက် မုန့်မျိုးစုံနှင့် သောက်ရေသန့်၊ အချိုရည်ဘူးများကို ကုသိုလ်ယူလှူဒါန်းပေးမည်ဟု သိရသည်။

အဆိုပါ Food Box အတွက် တစ်ပတ်လျှင် ကုန်ကျငွေကျပ် သုံးသောင်းခွဲနှုန်းဖြင့် တစ်လလျှင် ကျပ်တစ်သိန်းခွဲ၊ တစ်နှစ်လျှင် ငွေကျပ် ၁၈ သိန်း အကုန်အကျခံကာ ဝယ်ယူလှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

“အ.မ.ကကျောင်း၊မူကြိုကျောင်း၊အ.ထ.ကကျောင်းတွေကိုသွားတဲ့အဓိကရွာလယ်လမ်းမဖြစ်လို့ကျောင်းသူ၊ကျောင်းသားတွေအတွက်ထိရောက်တဲ့အလှူတစ်ခုဖြစ်နေတာတွေ့ရတယ်။နေ့စဉ်လှူဒါန်းတာမဟုတ်ဘဲတစ်ပတ်ကိုနှစ်ရက်တည်းနိုင်သလောက် ကုသိုလ်ယူနေတာမို့ ရေရှည်တည်မြဲမယ်လို့ မျှော်လင့်မိပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောထားတဲ့ မျှဝေခြင်းဆိုတဲ့ စိတ်ဓါတ်လေးကို ကလေးငယ်တွေသိအောင် မျှဝေတတ်တဲ့အကျင့် စိတ်ဓါတ်လေးတွေ မွေးဖွားလာအောင် လေ့ကျင့်ပေးလိုတဲ့ရည်ရွယ်ချက်နဲ့ Food box လေး လုပ်တာပါဆိုတဲ့ အလှူရှင်ရဲ့စကားကိုကြားမိတော့ များစွာ လေးစားမိပါတယ်” ဟု တောင်တွင်းကြီးမြို့မှ ကိုအောင်ကျော်ကျော်က ပြောသည်။

အဆိုပါ Food Box ဖွင့်ပွဲကို ဇူလိုင် ၇ ရက် ၊ ညနေ ၄ နာရီခွဲအချိန်က ကျင်းပခဲ့ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသိန်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်နှင့် ကျောင်းသူ၊ ကျောင်းသားများ၊ သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required