ကသည်းလက်နက်ကိုင်များအား ဖယ်ရှားအရေးယူမှုများ ပြုလုပ်ရန် တမူးဒေသခံများ တောင်းဆို

ကသည်းလက်နက်ကိုင်များအား ဖယ်ရှားအရေးယူမှုများ ပြုလုပ်ရန် တမူးဒေသခံများ တောင်းဆို
ခန္တီးမြို့နယ်တရားရုံးမှ ကသည်း/အာသံ လက်နက်ကိုင် ၂၄ ဦးအား ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့သည့်နေ့ ရုံးထုတ်လာစဉ်။

ကလေး၊ ဇူလိုင် ၇ ။           ။ စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ဗုံးပေါက်ကွဲမှုများဖြစ်ပေါ်ခဲ့ခြင်းနှင့်ပတ်သက်၍ ကသည်း လက်နက်ကိုင်များကို ပြစ်တင်ရှုတ်ချလိုက်ပြီး အာဏာပိုင်များအနေဖြင့် အရေးယူဖယ်ရှားမှုများ ပြုလုပ်ရန် တမူးဒေသခံများက တောင်းဆိုလိုက်ကြသည်။

ယမန်နေ့ ဇူလိုင် ၆ ရက်နေ့က တမူးမြို့၊ ဧပရယ်မွန်ခန်းမတွင် ကျင်းပခဲ့သည့် ဒေသတွင်း ငြိမ်းချမ်းရေးဆွေးနွေး ပွဲအပြီး ထုတ်ပြန်ချက် ထုတ်၍ တောင်းဆိုလိုက်ခြင်းဖြစ်ပြီး စစ်ကိုင်းတိုင်း၊ တမူးနယ်စပ်နှင့် ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်အတွင်း အခြေချ နေထိုင်သော ကသည်းလက်နက်ကိုင်များအား အမြန်ဆုံး ဖယ်ရှားပေးသင့်ကြောင်း ပါရှိသည်။

“ တခြားပြည်နယ်တွေလို အစိုးရနဲ့ တိုင်းရင်းသားတွေ တိုက်ပွဲဖြစ်နေတာ မဟုတ်ပေမယ့်လည်း အတွင်း ရန်သူလို ဖြစ်နေတယ်။ အပြင်ပန်းသဏ္ဍန်မှာ တိုက်ခိုက်တာမဟုတ်ပေမယ့် အတွင်းကနေ ထိုးနှက်နေတဲ့အတွက် ဒီကိစ္စက ဒေသခံတွေအတွက် အရမ်းနစ်နာပါတယ် " ဟု ကူကီးလူငယ်ကွန်ယက်မှ ကိုဆေးဂင်က ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ပထမဆုံးအကြိမ် ပြုလုပ်သော အဆိုပါဆွေးနွေးပွဲကို တမူးမြို့ အရပ်ဖက်အဖွဲ့အစည်းများမှ ပူးပေါင်းပြုလုပ်ခြင်းဖြစ်ပြီး ဒေသခံပြည်သူ ၅၀ ကျော် တက်ရောက်ခဲ့သည်။

" လွတ်တော်မှာ ကသည်းလက်နက်ကိုင် သူပုန်ကိစ္စနဲ့ပတ်သက်ပြီး မေးခွန်းမေးမြန်းတုန်းက ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးရဲ့ အဖြေက အားရကျေနပ်စရာမရှိဘူး။ ဝေ့လည်ချောင်ပတ် ဖြေသွားတာ။ ဒါပေမယ့် ထူးခြားချက်တစ်ခုကတော့ ကျွန်တော် မေးခွန်းမေးပြီး ၂ နှစ်ကာလအတွင်းမှာ ပေါက်ကွဲမှုတွေ၊ ပစ်ခတ်သတ်ဖြတ်မှုတွေ တော်တော်လေး နည်းသွားတယ်။ တော်တော်လေး ထိန်းထိန်းသိမ်းသိမ်း လုပ်လိုက်ဟန်တူတယ်။ အရင်ကဆိုရင် ပေါက်ကွဲမှု၊ ပစ်ခတ်မှု၊ သတ်ဖြတ်မှုတွေက မြို့ထဲမှာတင်ကို သေနတ်နဲ့ ပစ်သတ်နေကြတာ။ အလောင်းကိုတောင် မြို့လယ်ခေါင်၊ လမ်းလယ်ခေါင်မှာ ကောက်ရတဲ့အနေအထား " ဟု တမူးမြို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်လတ်က ပြောသည်။

ပြီးခဲ့သည့် ဇွန် ၁၈ ရက်နေ့၊ ည ၉ ခွဲနာရီအချိန်ကျော်က တမူးမြို့၊ စော်ဘွား ၈ ရပ်ကွက်နေထိုင်သူ ကသည်းလက်နက်ကိုင်တစ်ဦး၏ ခြံဝင်းအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သေးသည်။

အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် နေအိမ်ရှိ တပ်ဆင်ထားသော CCTV မှတ်တမ်းများ လူမှုကွန်ယက်ပေါ်တွင် ပျံ့နှံ့လျက်ရှိနေပြီး လက်ရှိတွင် တရားခံ ဖမ်းဆီးရခြင်း မရှိသေးဘဲ ပေါက်ကွဲမှုဖြစ်စဉ်ကို ဒေသအာဏာပိုင်များဘက်မှလည်း တစုံတရာထုတ်ပြန်ခြင်း မရှိသေးပေ။

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်မှ ကသည်းလက်နက်ကိုင် အဖွဲ့အစည်း ၇ ဖွဲ့သည် ၁၉၉၆ ခုနှစ်မှ စတင်၍ တမူးမြို့ပေါ်နှင့် အနီးနားကျေးရွာများတွင် အခြေချနေထိုင်ခဲ့ကြကြောင်း ဇွန် ၁၉ ရက်နေ့ တမူးမြို့ ဗုံးပေါက်ကွဲမှု အပေါ် တမူးဒေသအဖွဲ့အစည်း(၅)ခုမှ သဘောထားထုတ်ပြန်ကြေညာချက်အရ သိရသည်။

အိန္ဒိယ-မြန်မာ နယ်စပ် တမူးမြို့အနီး ကသည်းအပြင် နာဂ၊ ကူကီး အစရှိသော လက်နက်ကိုင်အဖွဲ့အစည်းများ အခြေချလှုပ်ရှားနေခြင်း ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly