တောင်သူလယ်သမား အသင်းအဖွဲ့ဆိုင်ရာ ဥပဒေပြဋ္ဌာန်းရန် အစိုးရကြိုးပမ်းနေ

တောင်သူလယ်သမား အသင်းအဖွဲ့ဆိုင်ရာ ဥပဒေပြဋ္ဌာန်းရန် အစိုးရကြိုးပမ်းနေ

နေပြည်တော်(ဇူလိုင်  ၇ ရက်၊ ၂၀၁၉ခုနှစ်)။ ။ တောင်သူလယ်သမားများ၏ အကျိုးစီးပွားကို ဒီမိုကရေစီ နည်းလမ်းတကျဆောင်ရွက်နိုင်ရန်အတွက် ခိုင်မာသည့် တောင်သူလယ်သမား အသင်းအဖွဲ့များဆိုင်ရာ ဥပဒေတစ်ရပ် အမြန်ဆုံး ပေါ်ထွက်လာရေးအတွက် ဆောင်ရွက်လျှက်ရှိသည်ဟု စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ အောင်သူကပြောသည်။

လက်ရှိတောင်သူလယ်သမားများကြုံတွေ့နေရသည့် အခက်အခဲများကို ကူညီဖြေရှင်းပေးနိုင်ရန်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် သက်ဆိုင်ရာလုပ်ငန်း အသင်းအဖွဲ့များနှင့်ညှိုနှိုင်းဆောင်ရွက်လျှက်ရှိပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့်လည်း ဗဟိုသမဝါယမအသင်း၊သက်ဆိုင်ရာ တိုင်းဒေသကြီး၊ပြည်နယ် သမဝါယမ အသင်းစုများနှင့်ညှိုနှိုင်း၍ တောင်သူလယ်သမားအကျိုးစီးပွား ထိခိုက်မှု မရှိစေရေးအတွက်လည်း ဆောင်ရွက်နေသည်ဟု ၎င်းကဆိုသည်။

"တောင်သူလယ်သမား အကျိုးစီးပွားမြှင့်တင်ရေးနဲ့ပတ်သက်တဲ့ ဥပဒေမှာ ကျွန်တော်တို့အနေနဲ့ မူဝါဒထဲမှာ ဆောင်ရွက်စရာ အချက်တစ်ချက်ပါဝင်ပါတယ်။အဲဒါကတော့ ဘာလည်းဆိုရင် ခိုင်မာတဲ့ တောင်သူလယ်သမား အသင်းအဖွဲ့များဆိုင်ရာ ဥပဒေများ ပေါ်ထွက်ရေး ဖြစ်ပါတယ်။အဲဒီအချက်ကိုလည်း ဝန်ကြီးဌာနအနေနဲ့ဆောင်ရွက်လျက်ရှိပါတယ်။"ဟု ဒေါက်တာအောင်သူကပြောသည်။

တောင်သူလယ်သမားအသင်းအဖွဲ့များ ဖွဲ့စည်းပြီးပါက တောင်သူလယ်သမားများအကျိုးကို ဒီမိုကရေစီ နည်းလမ်းတကျ ဆောင်ရွက်ပေးနိုင်မှာဖြစ်သလို ရင်ဆိုင်ကြုံတွေ့လာမည့် အခက်အခဲများကိုလည်း အသင်းအဖွဲ့များအနေဖြင့် စုပေါင်းဖြေရှင်းပေးနိုင်မည်ဖြစ်ကြောင်းသိရသည်။

ထို့အပြင် သမဝါယမ အသင်းများအနေဖြင့် နိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းသော ကျေးလက်တောင်သူများ ဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆင်းရဲနွမ်းပါးမှု လျှော့ချရေးတို့အတွက် အသေးစား အရင်းအနှီး ထုတ်ချေးခြင်းနှင့်လယ်ယာသုံး စက်ကိရိယာများ အရစ်ကျ ငွေချေစနစ်ဖြင့် ရောင်းချပေးခြင်းတို့ကို ဆောင်ရွက်ပေးလျှက်ရှိကြောင်းသိရသည်။

လက်ရှိတောင်သူလယ်သမားအများစုသည် စိုက်ပျိုးလုပ်သားရှားပါးခြင်း၊စိုက်ပျိုးစရိတ်ကြီးခြင်း၊နိုင်ငံတော်မှ ထုတ်ပေးသည့် စိုက်ပျိုးစရိတ်ချေးငွေနည်းခြင်း၊စပါးသတ်မှတ်ပေါက်စျေးထက် လျှော့ကျနေခြင်းတို့ကြောင့် အခက်အခဲများ ဖြစ်ပေါ်လျှက်ရှိသည်။

လယ်တစ်ဧကတွင် ချေးငွေ ကျပ် တစ်သိန်းခွဲရရှိပြီး ယာတစ်ဧကတွင် တစ်သိန်းသာ ချေးငွေရရှိကြောင်းသိရသည်။

မတ္တရာမြို့နယ်မှတောင်သူ ဦးရဲရင့်အောင်က"ကျွန်တော်တို့က ရတာနဲ့မကာမိဘူး။စိုက်/ဘဏ်က လယ်သီးနှံအတွက် တစ်သိန်းခွဲချေးပေးတယ်။ကုန်တာ နှစ်သိန်း ရှစ်သောင်း၊သုံးသိန်းနီးပါး ကုန်တယ်။ အဲလိုကျ မထူးဘူး။လိုတာ အပြင်က ပြန်ချေးရတာပဲ။အခုဆို စပါးစျေးက ဘာမှန်းမသိဘူး။ကျွန်တော်တို့ တောင်သူဘဝက သိပ်ထူးမလာသေးပါဘူး။"ဟုပြောသည်။

လက်ရှိစပါးပေါက်စျေးသည် တင်း ၁ဝဝလျှင် ကျပ်၄၂၀၀၀၀ သာရှိပြီး တောင်သူများ၏ စိုက်ပျိုးစရိတ်ကုန်ကျငွေမှာ တစ်ဧကလျှင် ၄ဝဝဝဝဝနီးပါး ကုန်ကျထားကာ အကျိုးအမြတ်ရရှိခြင်း မရှိသေးသောကြောင့် မရောင်းချသေးဘဲ တက်စျေးကို မျှော်လျှက်ရှိကြောင်းသိရသည်။

"နွေစပါး ရိတ်သိမ်းပြီး မိုးစပါးပြန်စိုက်ဖို့လုပ်နေတယ်။နွေစပါးကတော့ မရောင်းသေးဘူး။တက်စျေးလေးစောင့်ဦးမယ်။ကံနဲ့မျှော်နေရတာပဲ။မစိုက်လို့လည်း မဖြစ်ဘူး။လယ်ရှိနေတော့ စိုက်ရတာပေါ့။အစိုးရအနေနဲ့ သတ်သတ်မှတ်မှတ်လေး ကူညီပေးရင် အဆင်ပြေပါတယ်။"ဟု ပုသိမ်ကြီးမြို့နယ်မှ တောင်သူ ဦးခင်မောင်ဝင်းကပြောသည်။

ပြီးခဲ့သည့် လပိုင်းက တိုင်းဒေသကြီးနှင့်ပြည်နယ်တစ်ချို့တွင် စပါး သတ်မှတ်စျေးနှုန်းထက် လျှော့ကျဝယ်ယူခြင်းကြောင့် တောင်သူတစ်ချို့က ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်ထားသေးသည်။

တောင်သူလယ်သမားအများစုအနေဖြင့် နိုင်ငံတော်အစိုးရ၏ ကူညီထောက်ပ့ံမှုကို မျှော်လင့်နေကြပြီး အမှန်တကယ် ထောက်ပံ့ကူညီမည်ဆိုပါက သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ကွင်းဆင်း၍ တောင်သူများ လက်ဝယ်အရောက် ပေးအပ်စေချင်ကြောင်း တောင်သူအချို့ကဆိုသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly