အမျိုးသားတစ်ဦး ကျောက်တုံးပိသေဆုံးမှု ရေနံချောင်းတွင် ဖြစ်ပွား

အမျိုးသားတစ်ဦး ကျောက်တုံးပိသေဆုံးမှု ရေနံချောင်းတွင် ဖြစ်ပွား

ရေနံချောင်း၊ဇူလိုင် ၆ ။      ။ မကွေးတိုင်းဒေသကြီး ၊ရေနံ​ချောင်းမြို့၊သစ်​တစ်​​ပွေရပ်​၊​ရွှေဘုံသာအ​ရှေ့ပိုင်း​တွင် ကျောက်​တူးရာမှ​ ကျောက်​တုံးပိ၍ အမျိုးသားတစ်​ဦး ​သေဆုံးခဲ့မှု ဇူလိုင် ၆ ရက်က ရေနံ​ချောင်း​မြို့တွင်​ ဖြစ်​ပွားခဲ့သည်။

ဖြစ်စဉ်မှာ သေဆုံးသူအမျိုးသားသည် ဘေးမဲ့ရပ်​၊​လေသာကုန်​ရပ်​ကွက်​​နေ မိုးမင်း(ခ)ငကြွက်​(၂၆)နှစ်​ဖြစ်​ပြီး ၎င်းမှာ အစ်ကိုဖြစ်သူက နေ့လယ်ထမင်းစားချိန် အိမ်အပြန်တွင် ညီဖြစ်သူ ကျောက်တူးရာနေရာသို့ သွားရောက်ခဲ့ရာ ညီဖြစ်သူမှာ ကျောက်တုံးပိ သေဆုံးနေသည်ကို တွေ့ရှိခဲ့သည်။

သေဆုံးသူသည် ကျောက်တူးရောင်းသူဖြစ်ပြီး ကျောက်တုံးကြီးများကို ခွဲစိတ်၍ ကျောက်တုံးငယ်များ ပြုလုပ်ရောင်းချသူဖြစ်ကြောင်း သစ်​တစ်​​ပွေရပ်​ကွက်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုက ပြောသည်။

" ဒီကျောက်တုံးကြီးတွေကို ခွဲစိတ်ဖို့အတွက် ကျောက်တုံးကြီးအောက်မှာ ကျင်းတူးပြီး မီးပေးရတယ်။ မီးပေးပြီးမှ ခွဲရတာဖြစ်တယ်၊ ဒီနေ့ဖြစ်စဉ်ကတော့ ၁၀ တန်ကျော်ရှိတဲ့ ကျောက်တုံးကြီးအောက် ကျင်းတူးနေတဲ့အချိန် မြေသားအိပြီး လူပေါ်ပိသေဆုံးတယ်လို့ သိရပါတယ်" ဟု ဦးချစ်ကိုကိုက ပြောသည်။

" သေဆုံးသူကို ရဲ​ဆေးစာနဲ့​ရေနံ​ချောင်းမြို့နယ်​ပြည်​သူ့​ဆေးရုံကြီးကို ည​နေ ၄ နာရီခွဲအချိန်​မှာပေးပို့ထားရှိပြီး ဖြစ်​ပါတယ်​၊ဖြစ်​စဉ်​နဲ့ပတ်​သက်​ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်​၊ မဟုတ်​စစ်​​ဆေးနိုင်​ဖို့အတွက်​ အမှုရေးဖွင့်ဆောင်​ရွက်​ထားပါတယ်​" ဟု ၎င်းက ဆိုသည်​။

လက်ရှိတွင် ရေနံ​ချောင်းမြို့မရဲစခန်းမှ မိုးမင်း(ခ)ငကြွက်​ကျောက်​တုံးပိ သေဆုံးခဲ့ခြင်းနှင့်ပတ်​သက်​ပြီး​ သေမှုသေခင်းအမှတ်​စဉ်​ ၅/၂၀၁၉ ဖြင့် အမှုရေးဖွင့်ထားပြီး ​ရေနံ​ချောင်းမြို့မစခန်းမှူး ဒုရဲမှူး အောင်​လွင်​ဦးက အမှုကို စစ်​​ဆေး​ဆောင်​ရွက်​လျှက်ရှိ​​ကြောင်း သိရသည်​။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required