အောင်မြေသာစံရှိ ကျူးကျော်များ နေထိုင်ရာ အငှားအိမ်ရာကို ပြန်လည် စိစစ်တော့မည်

အောင်မြေသာစံရှိ ကျူးကျော်များ နေထိုင်ရာ အငှားအိမ်ရာကို ပြန်လည် စိစစ်တော့မည်
  (ဓာတ်ပုံ- ကိုကိုအောင်/မဇ္ဈိမ)

 မန္တလေး(ဇူလိုင် ၃ရက်၊ ၂၀၁၉ခုနှစ်)။ ။ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ မြို့ရှောင်လမ်း၊ ၂၂လမ်းနှင့် ၁၂လမ်းအတွင်း တည်ဆေက်ထားသည့် အငှားအိမ်ရာရှိ တိုက်ခန်းများကို စိစစ်ကာ သတ်မှတ် စည်းကမ်းချက်များ မလိုက်နာသည့် အခန်းများကို ပြန်လည် သိမ်းယူသွားမည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ ဒုတိယမြို့တော်ဝန် ဦးရဲမွန်က ပြောကြားသည်။

 အဆိုပါ အငှားအိမ်ရာတွင် မူလ ငှားရမ်းခွင့် ရရှိထားသူများအနက် အချို့က ကိုယ်တိုင်မနေဘဲ တစ်ဆင့် လွှဲပြောင်းရောင်းချခြင်း၊ ပြန်လည်ငှားရမ်းထားခြင်းများ ရှိနေသလို မူးယစ်ဆေးဝါး ရောင်းဝယ်၊ သုံးစွဲသူများ၏ စုရပ်ကဲ့သို့ ဖြစ်နေပြီး ယင်းနေရာသည် မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး ကျော်ဇော်သတင်း ရရှိထားသည့် နေရာလည်း ဖြစ်သည်။

 “ကျွန်တော်တို့ စိစစ်မယ်။ အစီအမံတွေ ရေးဆွဲနေပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ စည်ပင်သာယာနဲ့ ပူးပေါင်းဆောင်ရွက်မှာပါ” ဟု ဒုတိယမြို့တော်ဝန်၊ ဦးရဲမွန်က ပြောသည်။

 အဆိုပါ အငှားအိမ်ရာ တိုက်ခန်းများသည် ကမ်းနားလမ်းတစ်လျှောက်ရှိ ကျူးကျော်နေထိုင်သူများ နေထိုင်ရန်ဟု ဆိုကာ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ၂၀၁၅ခုနှစ်တွင် စတင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

 အာစီ ၁၂ခန်းတွဲ၊ ခြောက်ထပ် အဆောက်အဦး ၂၂လုံး၊ အခန်းပေါင်း ၁၅၈၄ခန်းရှိသည့် အဆိုပါ အငှားအိမ်ရာတွင် ငှားရမ်း နေထိုင်ခွင့်ရသူ ၁၂၀၆ဦး ရှိပြီး ၎င်းတို့ အားလုံးသည် ယခင်က ကမ်းနားလမ်းတစ်လျှောက် ကျူးကျော်နေထိုင်သူများ ဖြစ်သည်။

 ယခုအခါ အဆိုပါ အငှားအိမ်ရာ တိုက်ခန်းများတွင် မူးယစ်ဆေးဝါး ရောင်းဝယ်နေသူများနှင့် လာရောက်သုံးစွဲနေမှုများ ရှိနေခြင်းကြောင့် အမှန်တစ်ကယ် ရိုးရိုးသားသား နေထိုုင်သူများမှာ စိုးရိမ်၊ ပူပန်နေကြသည်။

 “ကျွန်မတို့ အခုလို တိုက်ခန်းနဲ့ နေရမယ်လို့ စိတ်ကူးတောင် မယဉ်ခဲ့ပါဘူး။ နေခွင့်ရတော့လည်း ပျော်ရတယ်။ ဒါ်ပေမယ့် အပျော်က သိပ်မကြာဘူး။ ၂၀၁၇ လောက်မှာ အခန်းအငှား၊ အရောင်းအဝယ်တွေ လုပ်လာကြတယ်။ အဲ့ဒီမှာ မူးယစ်နဲ့ ပတ်သက်တဲ့သူတွေရဲ့ ဘိ ဖြစ်လာတော့တာပဲ” ဟု အဆိုပါ အငှားအိမ်ရာတွင် နေထိုင်သူ အသက် ၄ရနှစ်အရွယ်၊ အမျိုးသမီးတစ်ဦးက ပြောကြားသည်။

 ၎င်းက ဆက်လက်၍  “လာကြည့်ပါ၊ မြင်ပါလိမ့်မယ်။ ကျွန်မကတော့ ဒီလောက်ပဲ ပြောရဲတယ်” ဟု ဆိုသည်။

 ထိုသို့ မူးယစ်ဆေးဝါး သတင်းကျော်ဇောမှုကြောင့် မန္တလေးတိုင်းရဲတပ်ဖွဲ့က အဆိုပါ အငှားအိမ်ရာတစ်ခုကို ဇွန်လ ၉ရက်က ဝင်ရောက်ရှာဖွေရာတွင် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု မရှိသော်လည်း မူးယစ်ဆေးဝါး သုံးစွဲထားသူ နှစ်ဦးနှင့်အတူ နိုင်ငံသားစိစစ်ရေးကတ်ပြား (၅၃)ခု၊ ယာဉ်မောင်းလိုင်စင် (၅၈)ခု၊ ယာဉ်မှတ်ပုံတင် သက်သေခံလက်မှတ်(ဝှီးတက်) (၈၅)ခု၊ အာမခံ ပရီမံစာအုပ် (၄၀)နှင့် ဆိုင်ကယ်(၂)စီး ဖမ်းဆီးရမိခဲ့သည်။

 မန္တလေးတိုင်းလွှတ်တော်၏ လုံခြုံရေး၊ စီမံခန့်ခွဲရေးနှင့် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးမြင့်အောင်မိုးက “အဲဒီဘက်က လွတ်မြောက်နယ်မြေလို ဖြစ်နေတော့ တစ်ချို့တွေက စိုးရိမ်ပြီး မနေကြဘဲ ပြန်ရောင်းစားတယ်။ တစ်ချို့တွေကလည်း အဲဒီမှာပဲ လွတ်လွတ်လပ်လပ် မူးယစ်ဆေး သုံးလို့ရတဲ့ နေရာလို ဖြစ်နေတယ်။ ဖမ်းတော့ ဖမ်းနေတာပဲ။ ဝင်ဖမ်းတာမျိုးလည်း ရှိတာပဲ။ ဒါပေမယ့် ဖမ်းတဲ့အချိန်တော့ လျော့သွားပြီးတော့ ပြန်တော့ ပေါ်လာတာမျိုးတွေရှိနေတော့ ရှင်းရှင်းပြောရရင်တော့ဗျာ၊ စနစ်တကျနဲ့ ကြပ်ကြပ်မတ်မတ်နဲ့ တိုက်ခန်းတွေကို ကိုင်တွယ်မှပဲ ရတော့မယ်” ဟု သုံးသပ်သည်။

 မျက်မြင်သက်သေ တစ်ချို့ကလည်း အဆိုပါ အငှားအိမ်တွင် ခိုး၊ ဆိုး၊ လုယက်သူ အများစု ခိုနားနေပြီး ရရှိလာသည့် ပစ္စည်းများကိုလည်း ထိုနေရာတွင်ပင် ထုခွဲရောင်းချမှုများ ပြုလုပ်နေကြောင်း ပြောဆိုကြသည်။

 “(ကျွန်တော့)ဆိုင်ကယ် ခိုးခံရတယ်။ အဲ့ဒီမှာ သွားရွေးရတယ်။ ရောက်တာနဲ့ ပစ္စည်းက တစ်စစီ ခွဲပြီးသားပဲ။ သူခိုးလက်ခံလည်း ရှိတယ်။ ဖမ်းချင်ရင် သတင်းပေးစရာကို မလိုဘူး။ အဲ့ဒီဘက် ဖြတ်လျှောက်တာနဲ့ သိနိုင်ပါတယ်။ ဘာညာ ပျောက်လို့ကတော့ အဲ့ဒီဘက် ပတ်ရှာ တွေ့တယ်” ဟု ၁၉လမ်း၊ ညောင်ပင်ဈေးရှေ့တွင် ကိုယ်တိုင် ဆိုင်ကယ်ပျောက်၍ သွားရွေးခဲ့သူ တစ်ဦးက ပြန်ပြောပြသည်။

 အဆိုပါ ညောင်ပင်ဈေးအနီး မြီးရှည်ဆိုင်တွင် ဆိုင်ကယ်ပျောက်သွားသူ နောက်တစ်ဦးကလည်း “ကြားပွဲစားနဲ့ လာချိတ်တယ်။ ဆိုင်ကယ် ပြန်လိုချင်ရင် ဘယ်လောက်ပေးဆိုပြီး။ ကျွန်တော်က ငါးသောင်းလောက်ပဲ တတ်နိုင်တာဆိုတော့ မရဘူးတဲ့။ နောက်နှစ်ရက် ဆိုရင်တော့ ဆိုင်ကယ် ပြန်မရတော့ဘူးလို့ ပြောတယ်။ အမှုတော့ အမှတ်(၅) ရဲစခန်းမှာ ဖွင့်ထားတယ်။ တစ်လနီးပါး ရှိသွားပါပြီ။ အခုချိန်ထိတော့ မထူးပါဘူး” ဟု ဆိုသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly