တောင်ငူ ၊ ဇူလိုင် ၂ ။ ။ ယမန်နေ့ ဇူလိုင်လ ၁ ရက်နေ့ နံနက်ပိုင်းက တောင်ငူ - လွိုင်ကော်ကားလမ်းမပေါ်ရှိ အမှတ် ၃ နယ်မြေ ရဲစခန်းရှေ့တွင် ၆ ဘီးယာဉ်တစ်စီးအား သတင်းအရ စစ်ဆေးရာ ကျပ်သိန်းနှစ်သောင်းကျော် တန်ဖိုးရှိ ဘိန်းဖြူနှင့် ဘိန်းစိမ်းများ ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်မှာ လွိုင်ကော်ဘက်မှ တောင်ငူဘက်သို့ မြဝတီမြို့နယ်နေ ယာဉ်မောင်း သန့်ဇင်ကို မောင်းနှင်လာသော HYUNDAI PORTER-II SUPER အမျိုးအစားခြောက်ဘီး မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်ပေါ်ရှိ စက္ကူပုံးအတွင်း၌ ပလတ်စတစ်အမဲရောင်ကို တိပ်ဝါဖြင့် ပိတ်ထားသည့် ဘိန်းဖြူဟု ယူဆရသော တစ်ထုပ်လျှင် ဆပ်ပြာခွက် (၁၁)ခွက်ပါ ပါကင်အထုပ်ရေ (၁၇၀)ထုပ်၊ စုစုပေါင်းရောင်စုံဆပ်ပြာခွက်ရေ (၁၈၇၀ ) ခွက် ၊ စုစုပေါင်းကာလတန်ဖိုး ကျပ်သိန်း ၁၈ရဝဝ ဖိုးကိုတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ယင်းအပြင် တိပ်ဝါပတ်၍ ပလတ်စတစ်အကြည်ဖြင့် ထုတ်ပိုးထားသည့် တစ်ထုပ်လျှင် (၉၅)ကျပ်သားခန့် ဘိန်းစိမ်းဟု ယူဆရသော အထုပ်(၁၇)ထုပ်၊ ပလတ်စတစ်အကြည်အား တိပ်အကြည်ဖြင့် ထုပ်ပိုးထားသည့် တစ်ထုပ်လျှင် (၉၅)ကျပ်သားခန့် ဘိန်းစိမ်းဟု ယူဆရသော အထုပ်(၁၆)ထုပ်၊ စုစုပေါင်း ( ၃၃ )ထုပ်၊ စုစုပေါင်းကာလတန်ဖိုး ကျပ်သိ်န်း ၁၄၁၀ ဖိုးခန့်ကိုလည်း တွေ့ရှိခဲ့သည်။
ထို့ကြောင့် ယာဉ်မောင်း သန့်ဇင်ကိုအား တောင်ငူမြို့ အမှတ် ၃ နယ်မြေ ရဲစခန်းတွင် မယ (ပ) ၄/၂၀၁၉ မူးယစ်ဆေးဝါး နှင့် စိတ်ကို ပြောင်းလဲ စေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)/၂၀(က) ဖြင့် အမှုဖွင့်ဆောင်ရွက်ထားပြီး ကွင်းဆက်တရားခံများအား ဆက်လက် စစ်ဆေးနေကြောင်း အမှတ် ၃ နယ်မြေ ရဲစခန်းမှ သိရသည်။