တရားဥပဒေက အမျိုးသမီးဘဝ လုံခြုံရေးအတွက် အကာအကွယ်မပေးနိုင်သေးဟုဆို

တရားဥပဒေက အမျိုးသမီးဘဝ လုံခြုံရေးအတွက် အကာအကွယ်မပေးနိုင်သေးဟုဆို

ဇွန် ၃ဝ ရက်၊ ရန်ကုန် ။            ။ လက်ရှိတွင် တရားဥပဒေသည် အမျိုးသမီးဘဝလုံခြုံရေးအတွက် အကာအကွယ်မပေးနိုင်သေးကြောင်း မင်္ဂလာတောင်ညွှန့်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ လူမှုရေးနှင့် စီမံခန့်ခွဲရေးကော်မတီဝင် ဦးလှဌေးက ပြောသည်။

ထို့ကြောင့်  အမျိုးသမီးများ၏ လုံခြုံရေးသည် စိုးရိမ်စရာအခြေအနေရောက်နေရကြောင်း ၄င်းက ဆိုသည်။

“မျက်မှောက်ခေတ်ကာလမှာဆိုရင် အမျိုးသမီးတွေတော်တော်များများ မလုံခြုံမှုတွေ ကြုံကြိုက်နေရတာ ရှိတယ်။ အမျိုးသမီးဆိုတာတောင် အသက်ကြီးပိုင်းတင် မဟုတ်ဘူး။ သက်ငယ်မိန်းကလေးတွေကအစ အစော်ကားခံနေရတဲ့ ပြဿနာတွေ အများကြီးရှိတယ်။ ဒါက တစ်နည်းအားဖြင့်ပြောရရင် တရားဥပဒေစိုးမှုရဲ့ လုံလောက်မှုမရှိတဲ့ အခြေအနေ၊ တရားဥပဒေက အမျိုးသမီးဘဝလုံခြုံရေးတွေကို စိတ်ချလုံခြုံအောင် ကာကွယ်မပေးနိုင်တဲ့အတွက်ကြောင့် ဒီကနေ့ ဒီဘက်ခေတ်မှာ ကျွန်တော်တို့ အမျိုးသမီးတွေရဲ့ လုံခြုံရေးဆိုတာလည်း စိုးရိမ်စရာကောင်းတဲ့အခြေအနေ၊ စိုးရိမ်နေကြရတဲ့ အခြေအနေမျိုးကို ကြုံနေကြရတာပါပဲ” ဟု ပြောသည်။

အမျိုးသမီးဘဝ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာအသိပညာပေးမှုများကို ဇွန်လ ၃ဝ ရက်နေ့က Park Royal Hotel တွင် ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးဖိုရမ်၌ ထည့်သွင်းအသိပညာပေးခဲ့ခြင်း ဖြစ်သည်။

 စစ်ဖြစ်ပွားသည့် ဒေသများရှိအမျိုးသမီးများသည် ပို၍လုံခြုံရေးမှုမရှိဖြစ်နေကြရပြီး မြို့ပေါ်ဒေသများတွင်လည်း တရားဥပဒေစိုးမိုးမှုအားနည်းနေကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောသည်။

“ဒီအခြေအနေကို ကျော်လွှားနိုင်ဖို့ အဓိကခေါင်းစဉ်တပ်ရရင်တော့ ငြိမ်းချမ်းရေးပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ငြိမ်းချမ်းမရရှိတဲ့ နယ်မြေ၊ စစ်ဖြစ်တဲ့ နယ်မြေမှဆိုရင် အမျိုးသမီးတွေရဲ့ ဘဝက အချိန်တိုင်းမှာ မလုံခြုံဘူး။ မြို့ပေါ်မှာတော့ အတိုင်းအတာတစ်ခုအထိ ကိုယ့်ကိုယ်ကို စောင့်ရှောက်လို့ ရတယ်။ ဒါပေမယ့် မြို့ပေါ်ဒေသတွေမှာလည်း တရားဥပဒေစိုးမိုးမှုက အရမ်းအားနည်းပါတယ်။ တကယ်တမ်းကျရင် တိုင်းပြည်တစ်ပြည်နိုင်ငံတစ်ခုမှာ မိခင်လောင်းတွေလည်း ဖြစ်တဲ့ အမျိုးသမီးတွေရဲ့ ဘဝက အရမ်းအရေးကြီးပါတယ်” ဟု၄င်းက ပြောသည်။

ထို့ကြောင့် အမျိုးသမီးဘဝ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးမရှိသည့် စစ်ဖြစ်ပွားရာနေရာများမှ အမျိုးသမီးများအတွက် အကာအကွယ်ပေးရန် လိုကြောင်း ငြိမ်းချမ်းရေးအကျိုးဆောင် ဒေါ်မိုင်ချင်းချင်းက ပြောသည်။

“အခုပြောမယ်ဆိုရင်တော့ တစ်နိုင်ငံလုံးမှာ ဖြစ်နေတာပါပဲ။ ဒီတိုင်းရင်းသားတွေနေတဲ ့ပြည်နယ်တွေမှာကျတော့ တိုက်ပွဲကြောင့် ဖြစ်တယ်။ ဒီတိုက်ပွဲကြောင့် သူတို့မလုံမခြုံဖြစ်တယ်ပေါ့နော်။ ကြောက်စိတ်တွေ၊ စိုးရိမ်စိတ်တွေနဲ့ အမြဲတမ်းနေနေရတယ်။ နိုင်ငံတော်ကလည်း လက်နက်ကိုင်ပဋိပက္ခကြောင့် ဒီအကြမ်းဖက်ခံရတဲ့၊ ဒုက္ခရောက်နေတဲ့ အမျိုးသမီးတွေအတွက် ကာကွယ်ပေးတဲ့ ဥပဒေကို ကောင်းကောင်းပြုလုပ်သင့်ပြီလို့ ပြောချင်ပါတယ်” ဟု ပြောသည်။

အဆိုပါငြိမ်းချမ်းရေးဖိုရမ်ကို တိုင်းရင်းသားလူမျိုးရေးရာဖွံ့ဖြိုးရေးနှင့် သုတေသနအသင်း CDES က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ အခြေခံမူ၊ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပြည်သူလူထုပူးပေါင်းပါဝင်မှု မြှင့်တင်ခြင်းဆိုင်ရာ နှင့် အမျိုးသမီးဘဝ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ အကြောင်းအရာများကို ပညာရှင်အသီးသီးက အနယ်နယ်အရပ်ရပ်မှလာရောက်သူ ၂ဝဝ ကျော်ကို အသိပညာပေးဟောပြောခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required