တူရကီမှာ တိုက်ပေါ်ကနေ ပြုတ်ကျလာတဲ့ ကလေးကို အောက်ကနေ ဆီးဖမ်းပေးခဲ့တဲ့ လူငယ်လေး သူရဲကောင်းသဖွယ် ချီးကျူးခံနေရ

တူရကီမှာ တိုက်ပေါ်ကနေ ပြုတ်ကျလာတဲ့ ကလေးကို အောက်ကနေ ဆီးဖမ်းပေးခဲ့တဲ့ လူငယ်လေး သူရဲကောင်းသဖွယ် ချီးကျူးခံနေရ

ဇွန် ၃၀ ။           ။ တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ တိုက်တစ်လုံးပေါ်ကနေ ပြုတ်ကျလာတဲ့ ကလေးငယ်လေးကို လူငယ်အမျိုးသားတစ်ဦးက အချိန်မီ အောက်နေ ဆီးဖမ်းပေးပြီး အသက်ဘေးကနေ ကယ်ပေးနိုင်ခဲ့ပါတယ်။

တိုက်ရဲ့ ဒုတိယထပ်ကနေ အောက်ကို ကျလာတဲ့ ကလေးငယ်ကို လမ်းသွားလမ်းလာ လူငယ်အမျိုးသားတစ်ဦးက အောက်ကနေ ဖမ်းပြီး ပွေ့ဖက်ထိန်းနိုင်ခဲ့တဲ့ ရုပ်သံဗီဒီယိုတစ်ခု ထွက်ရှိ ပြန့်နှံ့လာခဲ့ပြီးနောက် အင်တာနက်သုံးသူတွေက ၎င်း လူငယ်ရဲ့ သူရဲကောင်းဆန်တဲ့ လုပ်ရပ်အတွက် ၀ိုင်းဝန်းချီးကျူးနေကြလျက် ရှိပါတယ်။

“ ကျွန်တော်  လမ်းလျှောက်လာတော့ ဒီတိုက် ပြတင်းပေါက်တစ်ခုကနေ အသက် ၂ နှစ်လောက်အရွယ် မိန်းကလေးငယ်လေး တန်းလန်းကြီး ဖြစ်နေတာ တွေ့ခဲ့တာပါ၊ အဲဒါနဲ့ ချက်ချင်း အဲဒီ အောက်ကို သွားပြီး သူ ပြုတ်ကျလာတာနဲ့ ဆီးဖမ်းလိုက်တာပါ” လို့ ဖျူဇီ ဇာဘတ် အမည်ရ အသက် ၁၇ နှစ်အရွယ် ကယ်တင်ရှင်လူငယ်လေးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်က ဖြစ်ခဲ့တဲ့ ဒီဖြစ်စဉ်ကို အနီးအနား လုံခြုံရေးကင်မရာတစ်လုံးမှာ ရိုက်ကူးမိထားတဲ့ ဗီဒီယိုထဲမှာတော့ လမ်းလျှောက်အရွယ် ကလေးငယ်လေး အောက်ကို ကျလာပြီး ဇာဘတ်က လေထဲမှာပဲ ဆီးဖမ်းထိန်းလိုက်နိုင်တာကို တွေ့မြင်ခဲ့ရပါတယ်။

ယင်းနောက် လူငယ်အမျိုးသားလေးက ကလေးငယ်ကို ပွေ့ပိုုက်ထားချိန်မှာပဲ အနီးအနားမှာ လူတွေ စုပြုံရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

ခုလို ကယ်တင်ပေးခဲ့တဲ့လုပ်ရပ်အတွက် ဇာဘတ် ကို ကျေးဇူးတင်ကြောင်း ကလေးငယ်လေးရဲ့ ဖခင် ယူဆက်ဖ် မိုဟာမက်က  ပြောပါတယ်။ ဒါ့အပြင် သမီးဖြစ်သူ အသက်ကို ကယ်ပေးခဲ့တဲ့အတွက် ယူဆက်ဖ်က ဇာဘတ်ကို ဂုဏ်ပြုဆုတစ်ခု ပေးခဲ့သေးကြောင်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly