ခေတ်သစ်ပညာရေးစနစ်ရဲ့ သက်တမ်းအရင့်ဆုံးကျောင်းတော်

ခေတ်သစ်ပညာရေးစနစ်ရဲ့ သက်တမ်းအရင့်ဆုံးကျောင်းတော်
ဓာတ်ပုံ -ဖူးအိအိနွယ်

ဇွန် ၂၉ ရက်၊ ရန်ကုန် ။              ။  အ.ထ.က ၆ ဗိုလ်တစ်ထောင်ဟုပြောင်းလဲဖွင့်လှစ်ခဲ့သော်လည်း စိန်ပေါလ်ကျောင်းဟု လူသိများသည့် ပညာသင်ကျောင်းသည် ခေတ်သစ်ပညာရေးစနစ်၏ သက်တမ်းအရင့်ဆုံးကျောင်းတစ်ကျောင်းလည်း ဖြစ်သည်။

သီပေါမင်းပါတော်မူပြီးနောက် ကိုလိုနီခေတ်တွင် မြန်မာပြည်၌ ပညာရေးနှင့် ခရစ်ယာန်ဘာသာရေးကို ဖွံ့ဖြိုးတိုးတက်စေရန် လုပ်ဆောင်ခဲ့သည့် ဘုန်းတော်ကြီး Bishop Paul Bigandet ၏ အမည်ကို အစွဲပြုကာ စိန်ပေါလ်အထက်တန်းကျောင်းဟု အမည်ပေးခဲ့ပြီး ယောကျ်ားလေးသီးသန့်ကျောင်း ဖြစ်သည်။

မြန်မာပြည်တွင် Roman Catholic ခရစ်ယာန်ဘုန်းတော်ကြီးများ အစီအစဉ်ဖြင့် ဖွင့်လှစ်ခဲ့သော ဒုတိယမြောက် စာသင်ကျောင်းဖြစ်ပြီး နှစ်ပေါင်း ၁၃ဝ ကျော်သက်တမ်းရှိပြီဖြစ်ကြောင်း သိရသည်။

ကုန်းဘောင်ခေတ်နေဝင်ချိန်၊ ကိုလိုနီခေတ်၊ စစ်ကြိုခေတ်၊ လွတ်လပ်ရေးခေတ်၊ တော်လှန်ရေး အစိုးရခေတ်၊ န.ဝ.တ၊ န.အ.ဖခေတ်မှ ယနေ့ခေတ်တိုင်အောင် ခေတ်အမျိုးမျိုး ဖြတ်သန်းခဲ့သည့် စိန်ပေါလ်ကျောင်းမှ နယ်ပယ်အသီးသီးမှ အနုပညာ၊ အတတ်ရှင်များကိုလည်း များစွာမွေးထုတ် ပေးနိုင်ခဲ့သည်။

“ဘရာသာတွေ သင်တဲ့ခေတ်ကို မှီခဲ့တဲ့သူတွေရှိတယ်။ မြန်မာဆရာတွေနဲ့ စာသင်တဲ့ခေတ်ကို မှီခဲ့တဲ့သူတွေ ရှိတယ်။ ခေတ်နှစ်ခေတ်စလုံးကို မှီခဲ့ကြသူတွေ ရှိတယ်။ မြန်မာစနစ် နောက်ပိုင်း မှီတဲ့သူဆိုရင် ဒါရိုက်တာ မောင်ဝဏ္ဏတို့၊ မင်းလူတို့၊ ပလေးဘွိုင်းသန်းနိုင်တို့ပေါ့နော်။ အဲ့ကနေတစ်ဆင့် ခေတ်တွေအဆင့်ပြောင်းပြီး ဒီနေ့ခေတ်မှာဆိုရင် ရန်ရန်ချမ်း၊ ဇေယျာဇော်၊ ရဲလေးတို့အထိ အနုပညာ ရှင် ဘက်ကဆိုရင် အဲ့လိုရှိပါတယ်” ဟု ၁၉၈၉ ခုနှစ်က ကျောင်းသားဟောင်းတစ်ယောက် ဖြစ်သည့် ဦးရဲထွန်းအောင်က ပြောသည်။

သက်တမ်းရင့်ကျောင်းတစ်ကျောင်းဖြစ်သည့် စိန်ပေါလ်ကျောင်း၏ သမိုင်းကို အမှတ်ရနေစေရန် ရည်ရွယ်၍ စိန်ပေါလ်နေ့အထိမ်းအမှတ် စိန်ပေါလ်ဒေးပျော်ပွဲရွှင်ပွဲကို ဇွန်လ ၂၉ ရက်နေ့က အ.ထ.က ၆ ဗိုလ်တစ်ထောင်၊ စိန်ပေါလ်ကျောင်းတွင် ပြုလုပ်ခဲ့ပြီး လက်ရှိပညာသင်နေသည့့် ကျောင်းသားများ၊ ကျောင်းသားဟောင်းများ ပါဝင်ခဲ့ကြသည်။

“ဖြတ်သန်းလာခဲ့တဲ့ ခေတ်အဆက်ဆက်တွေကို ပြန်လည် ချိတ်ဆက်မိအောင်၊ စိန်ပေါလ်ကျောင်း ဆိုတာ တစ်ခေတ်ထဲအတွက် ကိုယ်စားပြုတာမဟုတ်ဘူး။ ခေတ်အဆက်ဆက် ပညာရေးစနစ် အခြေအနေ အမျိုးမျိုးမှာ ပညာရှင်၊ကျောင်းသားလူငယ်တွေကို မွေးထုတ်ပေးခဲ့တယ်။ အဲ့ဒီလို အစဉ်အလာတစ်ရပ်ကို ထိန်းသိမ်းချင်တာပါ။ ကျွန်တော်တို့ ထိန်းသိမ်းသလို နောင်လာ နောင်သား တွေကိုလည်း လက်ဆင့်ကမ်းတဲ့သဘောဖြစ်ပါတယ်” ဟုဦးရဲထွန်းအောင်က ပြောသည်။

အဆိုပါပွဲတွင် ခေတ်စနစ်အမျိုးမျိုးကိုဖြတ်သန်းခဲ့လာသည့် စိန်ပေါလ်ကျောင်း၏ သမိုင်း၊ ဖြတ်သန်း လာပုံအဆင့်ဆင့်နှင့် ကျောင်းမှ မွေးထုတ်ပေးခဲ့သည့် အနုပညာရှင်၊ အတတ်ပညာရှင်များ၏ ဓာတ်ပုံ များကိုစုစည်းပြသခြင်း၊ ဖျော်ဖြေရေးအစီအစဉ်များ၊ ဂိမ်းအစဉ်များကိုလည်း ထည့်သွင်းပြုလုပ်ခဲ့ပြီး ယခုနှစ်တွင် ပထမအကြိမ်ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly