ငြိမ်းစုစီဥပဒေကို ကျော်လွန်နေသည့် အမိန့်များကို အစိုးရအဖွဲ့ပြန်လည်သုံးသပ်သင့်သည်ဟု ပြည်ခိုင်ဖြိုးပါတီဆို

ငြိမ်းစုစီဥပဒေကို ကျော်လွန်နေသည့် အမိန့်များကို အစိုးရအဖွဲ့ပြန်လည်သုံးသပ်သင့်သည်ဟု ပြည်ခိုင်ဖြိုးပါတီဆို

မန္တလေး ၊ ဇွန် ၂၉ ။           ။ ငြိမ်းချမ်းစွာ စုဝေးခွင့် နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေ(ငြိမ်းစုစီ) အပေါ် ကျော်လွန်နေသည့် အမိန့်ညွှန်ကြားချက် များကို အစိုးရအဖွဲ့အနေဖြင့် ပြန်လည်စိစစ်သုံးသပ်သင့်သည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပြောဆိုလိုက်သည်။

ကလေးသူငယ်များ အခွင့်ရေးဆိုင်ရာ ဥပဒေမူကြမ်းကို ကန့်ကွက်သည့် ဆန္ဒထုတ်ဖော်ပွဲကို မန္တလေးမြို့ရှိ မနော်ရမ္မံ လူထုဟစ်တိုင်ကွင်းတွင် ပြည်ခိုင်ဖြိုးပါတီမှ ဦးဆောင်ပြုလုပ်ရန် စီစဉ်ချိန်တွင် ပြုလုပ်ခွင့်အချိန်မှီ မရခြင်းကြောင့် ပြည်ခိုင်ဖြိုးပါတီဘက်မှ ပြောဆိုခဲ့ခြင်းလည်းဖြစ်သည်။

"ဥပဒေကို အကန့်အသတ်တွေရှိတဲ့အပြင် လုပ်ငန်းတွေကိုနှောင့်နှေးကြန့်ကြာအောင် လုပ်ဆောင်နေမှုတွေက ဒီမိုကရေစီစနစ်နဲ့ ကိုက်ရဲ့လားဆိုတာ စဉ်းစားဖို့လိုသလို မူရင်းငြိမ်းစုစီကိုကျော်လွန်နေတဲ့အမိန့်ညွှန်ကြားချက်တွေကို အစိုးရအဖွဲ့အနေနဲ့ ပြန်လည်သုံးသပ်ပြီး ဒီမိုကရေစီစံချိန်စံညွှန်းနဲ့အညီဆောင်ရွက်ပေးဖို့ကျွန်တော်တို့ပါတီမှ တိုက်တွန်းပြောကြားလိုပါတယ်"ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ဆိုသည်။

အဆိုပါပွဲကို မန္တလေးမြို့ မနော်ရမ္မံကွင်းတွင်ပြုလုပ်ရန် စီစဉ်ခဲ့ပြီးနောက် ဥပဒေနှင့်အညီ တင်ပြခဲ့သော်လည်း တာဝန်ရှိသူများမှပြုလုပ်ခွင့်အချိန်မှီမပေးခဲ့ကြောင်း ၊ ငြိမ်းစုစီခွင့်ပြုခြင်းမှာလည်း ကန့်သတ်ချုပ်ချယ်မှုများရှိနေပြီး၊ စပီကာများသုံးစွဲခွင့်မပြုခြင်း ၊ စတိတ်စင်မထိုးရခြင်း စသည့်တားမြစ်ချက်များ ပါရှိလာသည်ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့ကလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာဟောပြောပွဲကို မနေရမ္မံဟစ်တိုင်ကွင်းတွင် ပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း ပြုလုပ်ခွင့်အချိန်မှီမရခဲ့ခြင်းကြောင့် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးရုံးတွင် ပြုလုပ်ခဲ့ရသည့် အခြေအနေများရှိခဲ့ကြောင်း ၎င်း၏ ပြောဆိုချက်အရသိရသည်။

ယနေ့ပြုလုပ်ခဲ့သည့် ဆန္ဒထုတ်ဖော်ပွဲတွင် နိုင်ငံသားတစ်ဦး၏ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်များကို တင်းကျပ်လွန်းသည့် ဒေသန္တရ စည်းကမ်းများနှင့် တုတ်နှောင်မှုများကို ရပ်တန်းကရပ်ရန်အသိပေးကြောင်း ပြည်ခိုင်ဖြိုးပါတီဘက်က ထည့်သွင်းပြောဆိုခဲ့မှုများ ရှိခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly