အစိုးရနှင့် အပစ်ရပ်စာချုပ် လက်မှတ်ထိုးခြင်းက လက်နက်ချခြင်း မဟုတ်ဟု ရခိုင် လွတ်မြောက်ရေးပါတီ ပြော

အစိုးရနှင့် အပစ်ရပ်စာချုပ် လက်မှတ်ထိုးခြင်းက လက်နက်ချခြင်း မဟုတ်ဟု ရခိုင် လွတ်မြောက်ရေးပါတီ ပြော

အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် (NAC) ကို ရခိုင်လွတ်မြောက်ရေး တပ်မတော် (ALP) ပါဝင် လက်မှတ်ထိုးခြင်းမှာ အစိုးရကို လက်နက်ချခြင်း မဟုတ်ကြောင်း ALP ဗဟိုကော်မတီဝင် ဒေါ်စောမြရာဇာလင်းက ပြောကြားသည်။

လာမည့် အောက်တိုဘာလ ၁၅ ရက်တွင် နေပြည်တော်၌ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ဖွဲ့နှင့် အစိုးရတို့ NCA စာချုပ်ကို လက်မှတ် ရေးထိုးကြမည်ဖြစ်ပြီး ယင်းအထဲတွင် ရခိုင်လွတ်မြောက် ရေး တပ်မတော် (ALP) က ပါဝင်ရေးထိုးမည် ဖြစ်သည်။ ယင်းအပေါ် ရခိုင်ပြည်သူတချို့က ပြည်နယ် အဆင့် ငြိမ်းချမ်းရေး ယူထားရုံမျှနှင့် ပါဝင် လက်မှတ်ထိုးခြင်းသည် အစိုးရကို လက်နက်ချခြင်းနှင့် တူကြောင်း ဝေဖန်မှုအပေါ် ဒေါ်စောမြရာဇာလင်းက ပြန်လည် တုန့်ပြန်လိုက်ခြင်း ဖြစ်သည်။

“ကျွန်မတို့ လက်နက်ချခြင်း မဟုတ်ပါ၊ ငြိမ်းချမ်းရေး ယူတာပါ၊ ငြိမ်းချမ်းရေး ယူတယ်ဆိုတာလဲ ကျွန်မတို့ အလင်းဝင်တာ မဟုတ်ပါ၊ အဲဒါကို နားလည်ဖို့ လိုပါတယ်၊ ဘာလို့လဲဆိုရင် အခုလို အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေနဲ့ အပြန်အလှန် ကတိစာချုပ် ချုပ်ဆိုပြီးတော့ လက်မှတ်ထိုးခဲ့တဲ့ အစည်းအဝေး၊ လက်မှတ်ထိုးခဲ့တဲ့ ဖြစ်စဉ်ဟာ မြန်မာနိုင်ငံထဲမှာ မရှိသေးပါ။ အဲဒါ ကြောင့် အမြင်မမှားဖို့အတွက် လိုအပ်ပါတယ်။ ပြည်သူလူထုတွေက၊ ကျွန်မတို့ ကိုယ်တိုင်ကလည်း လက်နက်ကို ကိုင်ဆွဲပြီးတော့ လက်မှတ်ကို ရေးထိုးမှာ ဖြစ်ပါတယ်၊ ကျွန်မတို့ အခုလည်း လက်နက်ကို မချပါသေး၊ အဲဒါကို ပြည်သူလူထုကိုလည်း ရှင်းလင်းပွဲလုပ်ဖို့ အစီစဉ်တွေ ရှိပါတယ်” ဟု ပြောသည်။

မြန်မာ့နိုင်ငံရေးတွင် ငြိမ်းချမ်းရေး လက်မှတ်ထိုးပွဲများ ယခင်က KIA ၊ ရှမ်းနှင့် KNU တို့ အစိုးရ နှင့် လက်မှတ် ထိုးခဲ့သော်လည်း ပျက်ပြယ်ခဲ့ပြီး အဆုံး ပင်လုံစာချုပ်တောင် ပျက်ပြယ်မှုများ ရှိခဲ့သော ကြောင့် ယခုထိုးမည့် NCA စာချုပ်မှာ မည်မျှအထိ ယုံကြည်မှု အပြည့်အဝ ရနိုင်မလဲ၊ ALP အနေဖြင့် ပြည်နယ်အဆင့် ငြိမ်းချမ်းရေးက ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးကိုတောင် မတက်နိုင်သေးခဲ့ဘဲ ယခုလို NCA မှာ ပါဝင် လက်မှတ်ထိုးခြင်းသည် ရှေ့ဆက် ALP အလားအလာ ကောင်းနိုင်မလားဟု ထိုင်းအခြေစိုက် ရခိုင်ကျောင်းသားများနှင့် လူငယ်များအစည်းအရုံး (AASYC) အဖွဲ့ဝင်ဟောင်း တစ်ဦး ဖြစ်သူ ဦးစစ်ခိုင်လင်းက သုံးသပ်ထားသည်။

“ပြီးတော့ ALP က KNU ရဲ့ နယ်မြေထဲမှာလည်း နေထိုင်နေတာတွေ ရှိတဲ့အတွက် အခု KNU ကပါ လက်မှတ် ဝင်ထိုးမယ်ဆိုတော့ KNU ထိုးလို့ ALP က ဝင်ထိုးတာလား၊ ဒါလေး စဉ်းစားဖို့ လိုပါ တယ်။ တကယ်တော့ KNU က အင်အားကြီးတယ် မှန်ပေမယ့် အခုလက်ရှိမှာတော့ နောက်မှာက အင်အားက သိပ်မရှိတော့ဘူး။ ALP အနေနဲ့ KNU ရဲ့ အရိပ်အဝါသ မကင်းလို့ လက်မှတ်ထိုးတာလား ပေါ့” ဟု ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင် အားလုံး ပါဝင်ခြင်းမရှိဘဲ အဖွဲ့ ၈ ဖွဲ့ဖြင့် အစိုးရမှ NCA လက်မှတ် ထိုးခြင်းသည် တိုင်းရင်းသား လက်နက်ကိုင်များအပေါ် သွေးခွဲသည့် ပုံစံတွင် ALP ပါဝင်ခြင်းသည် အကျိုးရလဒ် ကောင်းမည်မဟုတ်ဟု ယခင် ဗမာပြည် ကွန်မြူနစ်ပါတီ ရခိုင်ပြည်နယ် ပြည်နယ်တပ်မှူး လုပ်ခဲ့သူ ဦးကျော်မောင်က ဆိုသည်။

“ဒါက သွေးခွဲနေတဲ့ ပုံစံမျိုးပဲ။ ALP အနေနဲ့ ပါဝင်ခြင်းထက် မပါဝင်က တိုင်းပြည်က လူတွေ မျှော်မှန်းထားတဲ့အတိုင်း အားလုံးပါဝင်မှ လက်မှတ်ထိုးတာဟာ ALP အနေနဲ့ ပိုပြီး အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်” ဟု ပြောသည်။

ယခုထိုးမည့် NCA စာချုပ်မှာ မည်သည့် အချိန်ကာလထိဆိုပြီး သမှတ်ထားချက်မျိုး မရှိသော် လည်း နိုင်ငံတကာ အသိုင်းအဝိုင်းရှေ့တွင် လက်မှတ် ရေးထိုးမည် ဖြစ်သည့်အတွက် ခိုင်မာမှုရှိ ကြောင်း၊ ယင်းအပြင် NCA စာချုပ်အပေါ် စောင့်ကြည့်ရေး အဖွဲ့ရှိသောကြောင့် မည်သည့်ဘက်ကပဲ ဖြစ်ဖြစ် ချိုးဖောက်ပါက နောက်ဆက်တွဲ လှုပ်ရှားမှုများ တန်ပြန် တိုက်ခိုက်လာနိုင်ကြောင်း ဒေါ်စောမြ ရာဇာလင်း က ဆိုသည်။

အစိုးရနှင့် NCA လက်မှတ် ထိုးမည့်အဖွဲ့များမှာ - ABSDF ၊ ALP ၊ PNLO ၊ KNU ၊ KNLA-PC ၊ DKBA ၊ CNF နှင့် RCSS/SSA တို့ ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly