ဇွန် ၂၇၊ မန္တလေး ။ ။ ကျောက်မီးသွေးစွမ်းအင်သုံး အယ်လ်ဖာ ဘိလပ်မြေစက်ရုံ စီမံကိန်းနှင့် ပတ်သက်ပြီး အောင်သပြေ ရွာသားများနှင့် ကုမ္ပဏီအကြား ပဋိပက္ခများဖြစ်ပွားမှုတွင ်ဖမ်းဆီးခံရသော သတင်းထောက်တစ်ဦး အပါအဝင် ကျေးရွာသား ၈ ဦးကို ၂၀၁၉ ခုနှစ်၊ဇွန်လ ၂၇ ရက်၊နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် တရားရုံးတွင် အမှုစတင်စစ်ဆေးခဲ့သည်။
ဆူပူမှုတွင် ပါဝင်သည်ဟုဆိုကာ ၂၀၁၉ ခုနှစ် ၊ မေလ၂၄ရက်နေ ့မနက်က ပုသိမ်ကြီးမြို့နယ်ရဲစခန်းက ဖမ်းဆီးထိန်းသိမ်းထားသော အောင်သပြေကျေးရွာမှအသက် ၁၇ နှစ်ရှိ ၉တန်းကျောင်းသား တစ်ဦးကိုပါ ရုံးထုတ်ခဲ့ပြီး အဆိုပါ ကျောင်းသား မောင်တူးဝေယံကို ပုဒ်မ ၃၃၂ ၊ပုဒ်မ ၃၃၃နှင့် ပုဒ်မ၁၁၄တို့ဖြင့် အမှုဖွင့်လှစ်ခံထားရကြောင်း၄င်း၏ရှေ့နေထံမှသိရသည်။
"ပညာရေးတွေနောက်ကျသွားပါတယ်။အဲ့ဒါကြောင့်ကျွန်တော့်ကိုပြန်လွှတ်ပေးပါလို့တောင်းဆိုပါတယ်။ကျွန်တော်ဘာအပြစ်မှလည်း လုပ်မထားပဲနဲ့ ကျောင်းတက်ခွင့်ရဖို့ လွှတ်ပေးစေချင်ပါတယ်။ ထောင်ထဲမှာစာမသင်ချင်ပါဘူး အပြင်မှာသင်ချင်ပါတယ်။"ဟု ဖမ်းဆီးခံထားရသူ ၉ တန်းကျောင်းသား မောင်တူးဝေယံမှ မီဒီယာများကို ပြောသည်။
အောင်သပြေကျေးရွာမှ ရွာသူရွာသားများသည် ၄င်းတို့ကျေးရွာအနီးတွင် လာရောက်အကောင်အထည်ဖော်နေသည့် မြင့်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ၏ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံကို အစဉ်တစ်စိုက်ကန့်ကွက်လာခြင်းဖြစ်သည်။
အဆိုပါစီမံကိန်းကန့်ကွက်သည့်ပဋိပက္ခများနှင့်ပတ်သတ်ပြီး တိုင်းအစိုးရအနေဖြင့် တိုက်ရိုက်ကိုင်တွယ်ဖြေရှင်းပေးသင့်ကြောင်း Channel Mandalay TVသတင်းထောက် နန္ဒ(တစ်ကိုယ်တော်)က ရုံးချိန်းအပြီးတွင် မီဒီယာများကိုပြောသည်။
အဆိုပါဖြစ်စဉ် များနှင့်ပတ်သတ်ပြီး ရွာသူရွာသားများအား မီးရှို့မှု အပါအဝင် ပုဒ်မ ၁၄၇၊ ပုဒ်မ ၃၅၃၊ ပုဒ်မ ၃၃၂၊ ပုဒ်မ ၃၃၃နှင့် ပုဒ်မ ၁၁၄ အစရှိသည့်ပုဒ်မများဖြင့် ပုသိမ်ကြီးမြို့မရဲစခန်းမှ တရားလိုပြုလုပ်ကာ အမှုဖွင့်လှစ်ထားပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ဖြင့် အမှုဖွင့်လှစ် ထားသူများလည်း ရှိကြောင်းသိရသည်။
၂၀၁၉ ခုနှစ်၊ မေလ ၁၅ ရက်နေ့တွင် စက်ရုံ၏ ယာဉ်၊ ယန္တရားများအသွားအလာပြုလုပ်နေသည့် လမ်းကို ပိတ်ဆို့တားဆီးခဲ့ကြသဖြင့် ရဲတပ်ဖွဲ့မှ ဖြိုခွဲခဲ့ပြီး ရုန်းရင်းဆန်ခတ်ဖြစ်ကာ သတင်းထောက်တစ်ဦးနှင့် ရွာသားအချို့ ဖမ်းဆီးခံခဲ့ရခြင်းများဖြစ်ပွားခဲ့သည်။
ပဋိပက္ခတွင် ပါဝင်ခဲ့ကြသည့် ရွာသူရွာသား ၃ဝကျော်ကိုဖမ်းဆီးရန် ကျန်ရှိနေသေးကြောင်း ရှေ့နေဦးစည်သူထံမှသိရှိရပြီး နောက်တစ်ကြိမ် ရုံးချိန်းကို ၂၀၁၉ ခုုနှစ် ၊ဇူလိုင် (၅)ရက်နေ့သို့ ပြန်လည်ချိန်းဆိုထားကြောင်းသိရသည်။