မြန်မာနိုင်ငံတွင် လူလေးဦးလျှင် တစ်ဦး ဆင်းရဲမွဲတေမှု ကြုံနေရ

မြန်မာနိုင်ငံတွင် လူလေးဦးလျှင် တစ်ဦး ဆင်းရဲမွဲတေမှု ကြုံနေရ

နေပြည်တော်၊ ဇွန်လ ၂၇၊ ။          ။မြန်မာနေထိုင်မှုအခြေအနေကို (၂၀၁၇)ခုနှစ်တွင် စစ်တမ်းအဖြစ် ကောက်ယူခဲ့ရာ လူလေးဦးအနက် တစ်ဦးသည် ဆင်းရဲမွဲတေမှုကို တွေ့ကြုံနေရသည်ဟု အဆိုပါ စစ်တမ်းတွင် ဖော်ပြထားသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လူတစ်ဦးနေ့စဉ် အနည်းဆုံး လိုအပ် သည့် ကယ်လိုရီစားသုံးမှုအပေါ်တွင် တွက်ချက်ကာ ထုတ်ပြန်ခြင်းဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ၊ ဗဟိုစာရင်းအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးဆန်းမြင့် ကပြောသည်။

“အဓိကတော့ National Poverty Line(အနိမ့်ဆုံးဝင်ငွေ)  ပေါ်မှာ အခြေခံပြီးတော့ ထုတ်ပြန်ထား တာဖြစ်ပါတယ်။ ဒီဟာရဲ့ ကျွန်တော်တို့ဂဏန်းကတော့ Report ထဲမှာ ဖော်ပြထားပြီးဖြစ်ပါတယ်။ ကျွန်တော်တို့တွက်ထားတဲ့ ဒေတာကအခြေခံ အနည်းဆုံးက လူတစ်ဦးက တစ်နေ့ကို ၁၅၃၀ လောက် ဒီပေါ်မှာအခြေခံပြီးတွက်ထားတာ”ဟု ၄င်းကပြောသည်။

ဇွန်လ ၂၇ ရက်နေ့ကနေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ကျင်းပပြုလုပ်သည့် မြန်မာနေထိုင်မှုအခြေ အနေစစ်တမ်း (၂၀၁၇) ဆင်းရဲနွမ်းပါးမှု အစီရင်ခံစာ မိတ်ဆက်ပွဲ အခမ်းအနားအပြီးတွင် မီဒီယာများ၏ မေးမြန်းမှုကိုပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ စစ်တမ်းသည် ၂၀၁၇ ခုနှစ် တစ်နှစ်တည်းအတွက်သာ ဖြစ်ပြီး၊ ၂၀၁၈-၂၀၁၉ ခုနှစ် များအတွက် ကောက်ယူရခြင်း မရှိသေးကြောင်း ဦးဆန်းမြင့်က ဆက်လက်ပြောသည်။
စစ်တမ်းကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ၊ ဗဟိုစာရင်းအင်းဖွဲ့နှင့် World Bank ကမ္ဘာ့ဘဏ်၊ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP) တို့၏ အကူအညီဖြင့်  နေပြည်တော်ကောင်စီနယ်မြေ အပါဝင် တိုင်းဒေသကြီး၊

ပြည်နယ်အားလုံးရှိ မြို့နယ်ပေါင်း (၂၉၆) ခုတွင် တစ်နှစ်ပတ်လုံး ကောက်ယူ ခဲ့ကြောင်း သိရသည်။
စစ်တမ်းအရ မြန်မာနိုင်ငံ၏ ဆင်းရဲမှုနှုန်းသည် နိုင်ငံလူဦးရေ၏ ၂၄.၈ ရာခိုင်နှုန်းဖြစ်ပြီး  ဆင်းရဲ နွမ်းပါးသူ ဦးရေသည်၁၁.၈သန်းခန့်  ရှိသည်ဟု ယူဆထားကြောင်း အဆိုပါ အစီရင်ခံစာစစ်တမ်း တွင်ဖော်ပြထားသည်။

နိုင်ငံ၏ လူဦးရေထက်ဝက်ကျော်သည် ကျေးလက်ဒေသများတွင် နေထိုင်သူများဖြစ်ပြီး အစီရင် ခံစာအရ အဆိုပါ လူများတွင် ဆင်းရဲနွမ်းပါးမှုနှုန်းမြင့်တက်နေသေးကြောင်း UNDP ၏ ဌာနေ ကိုယ်စားလှယ် ပီတာ ဘက်ချလာ( MR.Petetr Batchelor) ကပြောသည်။

“တိုင်းဒေသကြီးအလိုက် ပြောရမယ် ဆိုလို့ရှိရင်တော့ ချင်းပြည်နယ်က ဆင်းရဲနွမ်းပါးမှု နှုန်း အမြင့်ဆုံးဖြစ်ပြီးတော့ လူ ၁ဝဦး မှာ ခြောက်ဦးဆင်းရဲနွမ်းပါးသူတွေဖြစ်ပါတယ်။ ဆင်းရဲနွမ်းပါးမှု အနည်းဆုံး တိုင်းဒေသကြီးတွေကတော့ ရန်ကုန်နဲ့ မန္တလေး  ဖြစ်ပြီးတော့ လူ ၁ဝဦးမှာ ၁ဦးသာလျှင် ဆင်းရဲနွမ်းပါးသူရှိတယ်ဆိုတဲ့ အချက်ကိုတွေ့ရှိထားပါတယ်” ဟု ၄င်းကပြောသည်။

ဆင်းရဲနွမ်းပါးမှုများ၌ ချင်းပြည်နယ်တွင် ၅၈ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ပြီး၊  ရခိုင်ပြည်နယ်သည် ၄၂ ရာခိုင်နှုန်းဖြင့် ဒုတိယဖြစ်ကာ ဆင်းရဲနွမ်းပါးသူ အရေအတွက်တွင် ဧရာဝတီတိုင်းဒေသကြီးမှ (၁.၈) သန်းဖြင့် အများဆုံးရှိကြောင်း ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် (၁.၅) သန်းစီရှိကြောင်း အစီရင်ခံစာက ဖော်ပြထားသည်။

သို့ရာတွင် ဆင်းရဲနွမ်းပါးသူရာခိုင်နှုန်းသည် ၂၀၁၅ခုနှစ်တွင် (၁၈.ရသန်း)ရှိရာမှ၂၀၁ရခုနှစ်တွင် ( ၁၁.၈)သန်းသို့ လျော့ကျလာခဲ့ကြောင်း မြန်မာနေထိုင်မှု အခြေအနေစစ်တမ်း ၂၀၁ရခုနှစ် ဆင်းရဲနွမ်းပါးမှု အစီရင်ခံစာ တွင် ဆက်လက်ဖော်ပြထားသည်။

၂၀၁ရခုနှစ် မြန်မာနေထိုင်မှုအခြေအနေစစ်တမ်းကိုကောက်ယူရာတွင် ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် “ဝ” ဒေသများ၊ ဟိုတယ်များ၊ ရဲဘက်စခန်းများ၊ မိဘမဲ့ဂေဟာများ၊ အကျဉ်းထောင်များ၊ စသည့် နေရာများတွင် နေထိုင်သူများ ပါဝင်ခြင်းမရှိဘဲ သမားရိုးကျ အိမ်ထောင်စုများကို ကောက်ယူထားခြင်း ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required