ဆိုင်းဘုတ်များက တခြား အခြေအနေများက တခြား

ဆိုင်းဘုတ်များက တခြား အခြေအနေများက တခြား

မိမိတို့နိုင်ငံတွင် ယခုအခါ လာမယ့်ရွေးကောက်ပွဲ ပါဝင် အရွေးခံကြမယ့် ကိုယ်စားလှယ် လောင်းများရဲ့ ကြွေးကြော်သံများ ကတိစကားများ စည်းရုံးဟောပြောမှုများကို နေ့စဉ်လိုပင် ကြားနေရသည်။ တချိန်က မည်သို့ပင် ဖြစ်ခဲ့ရှိခဲ့ပစေ အခုလို တိုင်းပြည်ကောင်းဖို့ ဦးတည်သည့် ပြောဆိုမှုများကို ကြားလာရသည်ကတော့ ကောင်းသော အသံများဖြစ်သည်ဟု ဆိုရပါမည်။

သို့သော်ငြားလည်း မိမိတို့သည် ထိုကိုယ်စားလှယ်လောင်းများရဲ့ ရွေးကောက်ပွဲဆိုင်ရာ ကတိ စကားများ၊ စည်းရုံး ဟောပြောမှုများကို သည်အတိုင်းတော့ အကောင်းဘက်ကို ဦးတည် ပြောကြားနေ ကြပါသည်ဆိုသည့် အချက် တစ်ချက်တည်းဖြင့်တော့ မျက်စိမှိတ်ခေါင်းညှိမ့် လက်ခံ ယုံကြည်လို့တော့ မဖြစ်ကောင်းချေ။ စဉ်းစားဝေဖန်ပြီးမှ လက်ခံသင့်သည်ဟု ယူဆပါသည်။

ဥပမာများ များစွာရှိသည့်အနက် ဥပမာတချို့ကို ပြောပါမည်။ လွန်ခဲ့သော နှစ်နှစ်ဆယ်ကျော် လောက်ကတည်းက မြို့တိုင်းနီးပါး၏ မြို့ဝင် ထိပ်လမ်းဘေးတွင် ဧရာမ ဆိုင်းပုတ်ကြီးများထောင် လျက် အာဏာရ အစိုးရမင်းများက ကြွေးကြော်သံများ ထောင်ထားခဲ့ကြသည်ကို မှတ်မိကြဦးမည် ဖြစ်သည်။ တချို့သော မြို့များတွင် ယခုအထိ ရှိနေပါသေးသည်။ မြို့ပြများ လျင်မြန်စွာ ခေတ်မီဖွံ့ဖြိုး တိုးရေးသို့ ဆိုသည့် ဆိုင်းပုတ်များ ဖြစ်သည်။ လက်တွေ့တွင် ယင်းကြွေးကြော်သံ ဆိုင်းပုတ်များအ တိုင်း ဖြစ်လာပါ၏လော။ အားလုံးအသိပင် ဖြစ်သည်။

တခါ ထပ်ခါထပ်ခါ ကြားရ ဖတ်ရလွန်းသဖြင့် မှတ်မိလွယ်လွန်းသည့် ဆောင်ပုဒ်တစ်ခု ရှိပါ သေးသည်။ တမျိုးသားလုံး ကြံ့ခိုင်ကျန်းမာရေး အကျင့်စာရိတ္တ အတွေးအခေါ် မြင့်မားလာစေရေး ဆိုသည့် ဆောင်ပုဒ်ဖြစ်သည်။ ဒါသည်လည်း လက်တွေ့ အခြေအနေနှင့် နှိုင်းယှဉ်စဉ်းစားလျင် ဆောင် ပုဒ်နှင့် လက်တွေ့ တခြားစီ ဖြစ်နေသည်ကို အားလုံးအသိပင် ဖြစ်သည်။

ယခုလည်း ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး စကားများကို ကြားရတော့ မိမိတို့ ပြည်သူများက ယုံတဝက် မယုံတဝက်ဖြင့် လက်ခံကြရမလို ဖြစ်လာသည်။ လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ယောက်ကဆိုလျင် သူသာ အရွေးချယ်ခံရပါက သူကိုယ်စားပြုသည့် မြို့ကို အကောင်းဆုံးဖြစ်အောင် လုပ်ပေးမည်ဟု ပြော၍ စည်းရုံးသည်။

ဒီလိုဆိုတော့ လူထုကို သူငယ်နှပ်စား ကလေးတွေလို သဘောထား မုန့်ပြပြီး စည်းရုံးသလို ဖြစ်နေသည်။ ပေးသည့် ကတိကလည်း တိုင်းပြည်နှင့် လူမျိုးအကျိုးကို ဘေးချိတ်ကာ သူ့တမြို့ထဲ ကောင်းစားရေးကိုပဲ ဦးစားပေးမည်ဟူသော အဓိပါယ်ကို ဆောင်သဖြင့် သေးသိမ် ကျဉ်းမြောင်းလွန်း လှသည်။

နိုင်ငံရေး ပါတီတစ်ခုကမူ သူတို့အား မဲပေးပါက အပါယ်မလားအောင် လုပ်ပေးမည်ဟူသော ကတိမျိုး ပေးပြန်သည်။ လူထုက ရယ်မော ကြရပြန်သည်။ တချို့ကြတော့ သူ့မဲဆန္ဒနယ် အတွင်းရှိ ဆိုက်ကားသမားများကအစ ခေါင်းရွက်ပြတ် ထိုးဈေးသည်များအဆုံး သည့်ထက် ပိုပြီး ရောင်းဝယ် ဖေါက်ကားလို့ ကောင်းအောင် လုပ်ကိုင်စားလို့ အဆင်ပြေအောင် ဆောင်`ရွက်ပေးမည်ဟု ကတိပေး ပြန်သည်။ သည်အတိုင်းဆိုပြန်တော့ ကျန်မြို့နေ လူတန်းစားအားလုံး လျစ်လျူ အရှုခံရတော့မလို ဖြစ်ပြန်သည်။

သည်လို ကတိစကားများ၊ ဆိုင်းဘုတ်များနှင့် ကြွေးကြော်သံများ ကြားမှပင် မိမိတို့ တိုင်းပြည် အခြေအနေကတော့ ကမ္ဘာပေါ်တွင် တခြားတိုင်းပြည်များနှင့် ယှဉ်ပြိုင်လုပ်ကိုင်နိုင်စွမ်း အဆင့်အတန်း နိမ့်ကျနေသည်ကတော့ အမှန်ပင် ဖြစ်သည်။ ယင်းသို့သော ကမ္ဘာတဝှမ်း တိုင်းပြည်များ ယှဉ်ပြိုင်နိုင် စွမ်းကို သုတေသနပြုသည့် GCT ဟုခေါ်သည့် အဖွဲ့ကြီး၏ ထုတ်ပြန် ကြေညာချက်အရဆိုလျင် မိမိတို့ နိုင်ငံသည် နိုင်ငံပေါင်း ၁၄၄ နိုင်ငံအနက် အဆင့် ၁၃၁ ချိတ်ပါသည်။ မိမိတို့အောက် မိမိတို့နောက်တွင် ၁၃ နိုင်ငံသာ ရှိပါတော့သည်။ အဆင့် ၈၁ ရရှိသော လာအိုနိုင်ငံနှင့် အဆင့် ၈၈ ရရှိသော ကမ္ဘောဒီး ယား နိုင်ငံတို့ထက်ပင် နိမ့်ကျနေသည်ကို တွေ့ရသည်။

ထို့ကြောင့် လက်တွေ့အပေါ် အခြေခံသော လက်တွေ့နှင့် မကင်းကွာသော၊ တိုင်းပြည်နှင့် လူမျိုးကို ခြုံငုံသော ကတိစကားများ၊ ဆိုင်းပုတ်များ၊ ကြွေးကြော်သံများကိုသာ ပြောကြ တင်ကြ ထုတ်လွှင့်ကြဖို့ အကြံပြု တိုက်တွန်း လိုက်ရပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags