ရခိုင်နှင့်ပလက်ဝတွင် အင်တာနက်ဖြတ်တောက်မှုသည် လူ့အခွင့်အရေး ချိုးဖောက်မှုဟု အရပ်ဖက်အဖွဲ့အစည်းများ ထုတ်ပြန်

ရခိုင်နှင့်ပလက်ဝတွင် အင်တာနက်ဖြတ်တောက်မှုသည် လူ့အခွင့်အရေး ချိုးဖောက်မှုဟု အရပ်ဖက်အဖွဲ့အစည်းများ ထုတ်ပြန်
ဘူးသီးတောင် မြို့အဝင်တစ်နေရာအား ဇန်နဝါရီလ ၈ ရက်၊ ၂၀၁၈ က တွေ့မြင်ရစဉ်။ ဓာတ်ပုံ-အေးချမ်းခိုင်

ရန်ကုန်၊ ဇွန် ၂၄ ။                  ။ ရခိုင်နှင့်ချင်းပြည်နယ်များရှိ မြို့နယ်များတွင် အင်တာနက် ဖြတ်တောက်မှုမှာ လူ့အခွင့်အရေးများကို ချိုးဖောက်ရာ ရောက်ပြီး စိုးရိမ်စရာဖြစ်ကြောင်း ဒစ်ဂျစ်တယ်အခွင့်အရေးလှုပ်ရှားဆောင်ရွက်နေကြသော အဖွဲ့အစည်းများနှင့် အခြားအရပ်ဖက်အဖွဲ့အစည်းများက  ဇွန် ၂၄ ရက်တွင် ကြေညာချက် ထုတ်ပြန်လိုက်သည်။

ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်နေ့မှ စတင်ကာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ  MPT ၊ Mytel ၊ Telenor နှင့်  Ooredoo သို့ ပေးပို့ကာ ဇွန် ၂၁ ရက်နေ့ ည ၁၀ နာရီမှစ၍ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်များရှိ ပဋိပက္ခဖြစ်ပွားနေသော မြို့နယ်များတွင် အင်တာနက်ဆက်သွယ်မှုဖြတ်တောက်ရန် ညွှန်ကြားထားခြင်းအပေါ် ယင်းသို့ တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။

အဆိုပါ အင်တာနက်ဖြတ်တောက်ခံရသော မြို့နယ် ၉ မြို့နယ်မှာ ရခိုင်မြောက်ပိုင်းရှိ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံမြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ ဖြစ်သည်။

လူဦးရေသန်းခေါင်စာရင်းအရ နေထိုင်သူ လူဦးရေတစ်သန်းကျော်ရှိသည့် အဆိုပါဒေသများတွင်ယခု စာထုတ်ပြန်ချိန် ဇွန် ၂၄ ရက်၊ နေ့လယ် ၁၂ နာရီအထိ  အင်တာနက်ဆက်သွယ်ပြတ်တောက်မှုကို ကြုံတွေ့လျက်ရှိကြောင်း  ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အချက် ၈ ချက်ပါ ကြေညာချက်တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ကန့်သတ်၊ နှောင့်ယှက်ခြင်း မခံရဘဲ အင်တာနက်အဆက်မပြတ်ရ ရှိရေးသည်  အခြားလူ့အခွင့်အရေးများရရှိရေးအတွက် အခြေခံ အခွင့်အရေးတစ်ခုဖြစ်ကြောင်း နောက်ဆုံးအနေဖြင့် ၂၀၁၈ ခုနှစ်က ထုတ်ပြန်ချက်အပါအဝင် လူ့အခွင့်အရေးဆိုင်ရာ ကြေညာချက်အများအပြားတွင် အတိအလင်းဖော်ပြထားပြီး ဖြစ်သည်ဟု ပါရှိသည်။

ထို့ကြောင့် အင်တာနက် ဖြတ်တောက်မှု ချက်ခြင်းရပ်တန့်ကာ အပြည့်အဝရရှိရေး၊ ပုဒ်မ ၇၇၊ ၇၈ နှင့် ကျန် ပုဒ်မများကို လူ့အခွင့်အရေးစံနှုန်းများနှင့်အညီ ပြန်လည် သုံးသပ်၊ ပြင်ဆင်ရန်၊ ပဋိပက္ခဒေသများနှင့် ရွေးကောက်ပွဲကာလများတွင်လည်း မဖြတ်တောက်ရန်၊ လာမည့်ကာလများတွင်လည်း မဖြတ်တောက်ရေးနှင့်

အခြားဆက်သွယ်ရေးဝန်ဆောင်မှုများအပေါ် အစိုးရက ချမှတ်သည့် ကန့်သတ်ချက်များနှင့် ပတ်သက်၍ သတင်းအချက်အလက် အပြည့်အဝအား အများပြည်သူ သိရှိနိုင်ရေး ထုတ်ပြန်ရန်တို့ ပါရှိသည်။

တောင်းဆိုသည့်အရပ်ဖက်လူမှုအဖွဲ့အစည်းများမှာ မြန်မာဒစ်ဂျစ်တယ်အခွင့်အရေးဖိုရမ်ဦးဆောင်ကျင်းပရေးအဖွဲ့၊ လွတ်လပ်သောထုတ်ဖော်ပြောဆို ခြင်းမြန်မာ(FEM)ဖွံ့ဖြိုးမှုအတွက်“မြန်”အိုင်စီတီအဖွဲ့ (MIDO)၊မြန်မာ့စီး ပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေးအထောက်အကူပြုဌာန (MCRB)၊ဖန်တီးရာ(Phandeeyar)၊ဒေါ်အိမြတ်နိုးခင်(DigitalRightsActivist)၊ အသံလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှား မှုအဖွဲ့၊ဒီမိုကရေ စီဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားဆောင်ရွက်မှုကော်မတီ ၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း ၊ HRDP - လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့၊ လောကအလင်းMandalay  Federalism Institute၊ မြန်မာလူ ထုမဟာမိတ် (ရှမ်းပြည်) ၊ မေတ္တာကန်မ်ပိန်း၊ The Seagull: Human Rights, Peace & Development ၊ မွန်လူ့အခွင့်အရေးဖောင်ဒေးရှင်း၊ Peace and Development Center (Meikhtila)၊ အနာဂတ်အလင်း တန်းဆုံမှတ်၊  ရှေ့ပြေးအသံအဖွဲ့၊ ကရင်နီလူ့အခွင့်အရေးအဖွဲ့၊ Smile Myanmar၊ Synergy - လူမှုသဟဇာတဖော်ဆောင်ရေးအဖွဲ့ တို့ ဖြစ်ကြသည်။

 

အဆိုပါဒေသများအနက် ပလက်ဝ၊ မြောက်ဦး၊ ရသေ့တောင်၊ ဘူးသီးတောင်အနီးတစ်ဝိုက်တွင် AA နှင့် တပ်မတော်အကြား တိုက်ပွဲ ဖြစ်ပွားလေ့ရှိပြီး ဘူးသီးတောင်၊ မောင်တောဒေသများသည် ပဋိပက္ခဖြစ်ပွားမှု ကြောင့် နယ်မြေလုံခြုံရေး ရယူထားသော ဒေသများဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly