ပိုများလာသည့် ရှော့ခ်တိုက် ငါးဖမ်းမှုများကို ရေကြောင်းရဲက အရှိန်မြှင့် ဖမ်းတော့မည်

ပိုများလာသည့် ရှော့ခ်တိုက် ငါးဖမ်းမှုများကို ရေကြောင်းရဲက အရှိန်မြှင့် ဖမ်းတော့မည်
  ပြီးခဲ့သည့်နှစ်အတွင်းက ရှော့ခ်တိုက် ခံရပြီး သေဆုံးခဲ့ရသည့် လင်းပိုင်တစ်ကောင်(ဓာတ်ပုံ- ကိုမောင်မောင်ဦး(သဘာဝစိမ်း)

နေပြည်တော်(ဇွန်လ ၂၄ရက်၊ ၂၀၁၉ခုနှစ်)။ ။ ဧရာဝတီမြစ်အတွင်း ဘက်ထရီဖြင့် ရှော့ခ်တိုက်ကာ ငါးဖမ်းမှုများ ပပျောက်ရေးအတွက် အသိပညာပေး ဟောပြောမှုများ ပြုလုပ်နေသော်လည်း လျော့နည်းခြင်း မရှိသည့်အတွက် ဖမ်းဆီး၊ အရေးယူမှုများကို အရှိမြှင့် လုပ်ဆောင်သွားမည်ဟု ရေကြောင်းရဲတပ်ဖွဲ့ခွဲ(မန္တလေး)မှ ရဲမှူးကြီး အောင်ဇော်မြင့်က ပြောကြားသည်။

ဧရာဝတီမြစ်အတွင်းရှိ သဘာဝမျိုးရင်းစိပ်များနှင့် လင်းပိုင်များ မသေဆုံးစေရန် ရှော့ခ်တိုက် ငါးဖမ်းခြင်း မလုပ်ရန် ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက်ရှိ တံငါလုပ်ငန်း လုပ်ကိုင်သည့် ကျေးရွာများတွင် အသိပညာပေး ဟောပြောမှုများ လုပ်ဆောင်နေသော်လည်း လျော့နည်းမှုမရှိဘဲ ပိုများလာခြင်း ဖြစ်သည်။

“အသိပညာပေးတွေ လုပ်တယ်၊ မလိုက်နာဘူး။ မလိုက်နာတာ ဖြစ်တဲ့အတွက် လှေတွေပါ သိမ်းဆည်းဖို့ လုပ်ရပါတယ်။ လှေတစ်စီးကို ရင်းနှီးပြီး လုပ်ကိုင်ရမှာဖြစ်တဲ့အတွက် ဒီလှေတွေကို ရအောင်သိမ်းပစ်လိုက်တယ် ။သာမာန် ဖမ်းနေရင် ပြဿနာမရှိဘူး။ ပစ္စည်းတွေ ရအောင်သိမ်းတယ်။ လူတွေက ထွက်ပြေးတာများတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဖမ်းဆီးရမိရေးအတွက်လုပ်နေပါတယ်” ဟု ရဲမှူးကြီး အောင်ဇော်မြင့်က ပြောသည်။

၂၀၁၈ခုနှစ်၊ တစ်နှစ်လုံးတွင် ရှော့ခ်တိုက် ငါးဖမ်းမှု ၂၂မှု ဖမ်းဆီးရမိခဲ့ပြီး ယခုနှစ်တွင်မူ နှစ်ဝက်အတွင်း ၂၄မှုအထိ ဖမ်းမိထားခြင်း ဖြစ်သည်။

“လူရဲ့ သဘောက အလွယ်လိုက်တယ်။ သူက ဝီရိယ စိုက်ရမှာ။ ပိုက်ယူရမယ်၊ အချိန်နဲ့ သူ့ရေချိန်ကို ကြည့်ပြီးတော့ မျှောတာတို့၊ ပိုက်ထောင်တာတို့ လုပ်ရမယ်။ သတ်မှတ် လိုင်စင်ရထားတဲ့ နေရာမှာ လုပ်ရမယ်။ ဒါကို သူတို့ မလုပ်နိုင်ဘူး။အလွယ်ရတဲ့ရှော့ခ်တိုက်တာတွေလျှောက်လုပ်တော့မျိုးစိပ်တွေသုဉ်းလာတယ်။ပြဿနာတွေရှိလာတယ်။အထူးသဖြင့်လင်းပိုင်တွေပြဿနာရှိတယ်”ဟုရဲမှူးကြီးအောင်ဇော်မြင့်ကပြောဆိုသည်။ပြီးခဲ့သည့်၂၀၁၈ခုနှစ်အတွင်းက ရှော့ခ်တိုက် ငါးဖမ်းခြင်းကြောင့် လင်းပိုင် နှစ်ကောင် သေဆုံးခဲ့ရသည်။

“ရှော့ခ်တိုက် ငါးဖမ်းနေတာတွေကို ဒေသန္တရ အမိန့်ထုတ်ပြီး တားဆီးဖို့ လိုနေပါပြီ။ မဟုတ်ရင် အရင်းအမြစ်တွေအားလုံး ထိခိုက်ကုန်မယ်။ ရှော့ခ်တိုက် မဖမ်းကြဖို့ လူထုကို ပိုမိုပြီး အသိပညာပေးတဲ့ လုပ်ငန်းတွေ လုပ်ဖို့ လိုပါတယ်” ဟု စိမ်းရောင်စိုနှင့်သဘာဝစိမ်းအဖွဲ့ ဦးဆောင်သူ ဦးမောင်မောင်ဦးက မှတ်ချက်ပြုသည်။

စိမ်းရောင်စိုနှင့် သဘာဝစိမ်းအဖွဲ့ အနေဖြင့် လင်းပိုင်ထိန်းသိမ်းရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ဧရာဝတီမြစ်ကမ်းတစ်လျှောက်ရှိ ကျေးရွာတစ်ချို့တွင် အသိပညာပေး ဟောပြောမှုများ ပြုလုပ်လျက် ရှိသည်။

ဧရာဝတီမြစ်ကမ်းဘေးရှိ သဖမ်းထောင့်ကျေးရွာမှ တံငါ တစ်ဦးက “စားဝတ်နေရေးအတွက် ရှော့ခ်တိုက်ဖမ်းတယ်။ မကောင်းမှန်းလည်းသိတယ်။ ပိုက်ထောင်၊ ပိုက်မျောတာက သိပ်မရဘူး။ အချိန်ကြာတယ်။ ရှော့ခ်ကတော့ မြန်တယ်။ ဒီဘက်ပိုင်းက တံငါပဲလုပ်ကြတယ်။ တစ်ခြားလည်း လုပ်မစားတတ်ဘူးရယ်။ ဖမ်းတာလာရင် ပြေးကြပေါ့။ မိရင်တော့ ခံရမှာပေါ့။ အခုက လှေတွေပါ သိမ်းမယ်ဆိုတော့ စိုးရိမ်တယ်။ တံငါရဲ့အသက်ကလှေပဲ၊ လှေမရှိလို့မဖြစ်ဘူး။ ပညာပေးတွေလာပါတယ် သွားတော့ ထိုင်နားထောင်လိုက်တယ်။သူတို့ပြောသလို နားထောင်ပြီး လုပ်ရင် ကျွန်တော့မိသားစု စားဝတ်နေရေး ခက်သွားမှာပေါ့ဗျာ” ဟု ဆိုသည်။

ရှော့ခ်တိုက် ငါးဖမ်းသူ အများစုသည် စားဝတ်နေရေးအတွက် လုပ်ကိုင်နေကြခြင်းဖြစ်သည့်အတွက် အစိုးရအနေဖြင့် အခြားသော အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးသင့်သည်ဟု မန္တလေးတိုင်းလွှတ်တော်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီဝင် ဒေါ်ငြိမ်းသက်နွယ်က ပြောသည်။

“လုပ်နေတဲ့ သူတွေက မမိရင်လုပ်မယ်။ မိရင် အဖမ်းခံမယ်ဆိုတဲ့ ပုံစံမျိုးတွေဖြစ်နေတယ်။ အစ်မတို့ကလည်း အမြဲ စောင့်ကြည့်မနေနိုင်ဘူး။ သူတို့ကို အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးဖို့ အစိုးရအနေနဲ့ စဉ်းစားပေးသင့်တယ်။ အဲဒါတွေ လုပ်နိုင်မှရမယ်” ဟု နွားထိုးကြီးမြို့နယ်၊ မဲန္ဒနယ်အမှတ်(၁)မှ တိုင်းလွှတ်တော်အမတ်လည်းဖြစ်သူ ဒေါ်ငြိမ်းသက်နွယ်က မှတ်ချက်ပြုသည်။

ရှော့ခ်တိုက် ငါးဖမ်းနေမှုများကို ထိရောက်စွာ ဟန့်တားနိုင်ရေးအတွက် တိုင်းလွှတ်တော်တွင် မေးခွန်း သို့မဟုတ် အဆိုတင်သွင်းရန် စီစဉ်နေကြောင်းလည်း သိရသည်။

လက်ရှိတွင် ရေကြောင်းရဲတပ်ဖွဲ့ခွဲ(မန္တလေး) အနေဖြင့် ရေမိုင် ရဝနီးပါးကို နေ့စဉ် ကင်းလှည့်ကာ စောင့်ကြည့်သွားမည် ဖြစ်သည်။

“အချိန်တွေ သတ်မှတ် မထားဘူး။ ပုံမှန် လှည့်နေတယ်ဆိုရင် လုပ်တဲ့သူတွေ အချိန်မှတ်ထားပြီး ကင်းလှည့်ပြီးတဲ့အချိန် ပြန်လုပ်ကြမှာပဲ။ ဒါကြောင့် ရှောင်တစ်ခင် လှည့်မယ်” ဟု ရဲမှူးကြီး အောင်ဇော်မြင့်က ပြောသည်။

၂၀၁၉ခုနှစ်တွင် ရှော့ခ်တိုက် ငါးဖမ်းခြင်းများ လျော့နည်း၊ ပပျောက်ခြင်း မရှိပါက ရေကြောင်းရဲတပ်ဖွဲ့ခွဲ(မန္တလေး)မှ ၂၀၂ဝတွင် အစီအမံတစ််ခု ချမှတ်၊ ဆောင်ရွက်သွားမည်ဟုလည်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required