လက်ကိုင်ဖုန်းများပေါ်တွင် အခွန်တံဆိပ် ကပ်မထားပါက မဝယ်ကြရန် ကြေငြာ

လက်ကိုင်ဖုန်းများပေါ်တွင် အခွန်တံဆိပ် ကပ်မထားပါက မဝယ်ကြရန် ကြေငြာ
Photo - EPA

နေပြည်တော်(ဇွန်လ ၂၄ရက်၊ ၂၀၁၉ခုနှစ်)။ ။  လာမည့် ဇူလိုင်(၁)ရက်ကစပြီး ပြည်သူများအနေဖြင့် မိမိတို့ ဝယ်ယူမည့် လက်ကိုင်ဖုန်း(Handset)များအပေါ်တွင် ကျသင့်သည့် ကုန်သွယ်လုပ်ငန်းခွန်နှင့် ညီမျှသော အခွန်အမှတ်တံဆိပ်များ အပြည့်အဝ ကပ်နှိပ်ထားခြင်း မရှိသည့် လက်ကိုင်ဖုန်းများအား ဝယ်ယူခြင်း မပြုကြရန် ပြည်တွင်းအခွန်များဦးစီးဌာနက အသိပေးကြေငြာလိုက်သည်။

လက်ကိုင်ဖုန်းများအား တင်သွင်းရောင်းချသူ၊ ဖြန့်ချိသူ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ တင်သွင်း/ဖြန့်ချိ၊ ရောင်းချမည့် လက်ကိုင်ဖုန်း(Handet)များအပေါ်တွင် ကျသင့်သည့် ကုန်သွယ်လုပ်ငန်းခွန်နှင့်ညီမျှသော အခွန်အမှတ်တံဆိပ်များကို အပြည့်အဝ(မပျက်မကွက်) ကပ်နှိပ်ပေးရန် လိုအပ်မည်ဖြစ်သည်ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံရှိ မိုဘိုင်းဖုန်းရောင်းချသူ လုပ်ငန်းရှင်များ စုစည်းကာ ၎င်းတို့၏ ကုန်ပစ္စည်းအမှတ်တံဆိပ်များကို ဂုဏ်သိက္ခာရှိစွာ ရောင်းချနိုင်ရန်နှင့် အခွန်ကင်းလွတ်ခွင့်များ မရှိစေရန် တင်ပြလာသည့်အပေါ် ယခုကဲ့သို့ ကြေငြာချက် ထုတ်ပြန်ရခြင်း ဖြစ်သည်ဟု ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က မဇ္ဈိမကို ပြောသည်။

“သူတို့က Retailer(လက်လီရောင်းချသူ)ရဲ့ ရောင်းတဲ့ အပေါ်မှာ ကျသင့်တဲ့ ကုန်သွယ်ခွန်ကအစ သူတို့က တစ်ခါတည်း ဖြတ်တောက်ပြီးတော့ ပြည်တွင်းအခွန် ပေးသွင်းမယ်ဆိုပြီးတော့ လုပ်တာ။ အဓိကကတော့ ဒီဟန်းဆက်တွေအပေါ်မှာ နိုင်ငံတော်ကလည်း အခွန်အပြည့်အဝ ရစေချင်တဲ့ ဆန္ဒရယ်၊ နောက်တစ်ခုက ကြားထဲမှာလည်း မသမာမှုတွေ မဖြစ်ပေါ်စေချင်တဲ့ အတွက်ကြောင့် သူတို့က တောင်းဆိုလို့ ဒါတွေ ပြင်ဆင်ပြီးတော့ ထုတ်ပြန်ပေးတာ” ဟု ၎င်းက ပြောသည်။

အခွန်အမှတ်တံဆိပ်များ အပြည့်အဝ ကပ်နှိပ်ထားခြင်း မရှိသည့် မိုင်ဘိုင်းဖုန်းများ ရောင်းချကြောင်း စိစစ်တွေ့ရှိပါက အခွန်ဆိုင်ရာ တည်ဆဲဥပဒေများနှင့် အကောက်အခွန်ဥပဒေများအရ အရေးယူသွားမည်ဟုလည်း ကြေငြာချက်တွင် ပါရှိသည်။

ယခုလ ၁၄ရက်ကလည်း မိုင်ဘိုင်းဖုန်းနှင့် အပိုစ္စည်းများ ဝယ်ယူရာတွင် ပြေစာအပေါ်၌ အခွန်အမှတ်တံဆိပ်များ ကပ်နှိပ်ထားခြင်း မရှိပါက တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားသူကို ဆုကြေးငွေ ချီးမြှင့်သွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ကြေငြာထားသေးသည်။

ဦးမင်းထွဋ်က “ပထမ ကြေငြာချက်ကလည်း အကျုံးဝင်တယ်။ အခု နောက်ပိုင်းကျရင် တစ်ရက်၊ ခုနှစ်လက စပြီး ဟန်းဆက်တွေကတော့ ဘူးအပေါ်မှာ ကပ်မယ်။ သူ့ရဲ့ အပိုပစ္စည်းတွေ၊ ကြိုးတွေ၊ Adapter(အားသွင်းကြိုး)တွေ စသဖြင့် အဲ့တာမျိုး ဆိုရင်တော့ ဘောက််ချာမှာ ကပ်မယ်” ဟု ပြောသည်။

အဆိုပါ အခွန်အမှတ်တံဆိပ် ကပ်နှပ်ထားခြင်း မရှိသည့် ဆိုင်များကို တိုင်ကြားသူသည် ပျက်ကွက်သည့် အခွန်နှင့် အကြိမ်အရေအတွက်ပေါ် မူတည်ကာ အနည်းဆုံး ပမာဏ ကျပ်နှစ်သောင်းမှ ကျပ်တစ်သိန်းနှင့်အထက် ရရှိမည်ဖြစ်ပြီး တိုင်ကြားသူကို အစိုးရက ထုတ်ဖော်ပြောကြားမည် မဟုတ်ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly