လင်္ကာဒီပချစ်သူရုပ်ပြမှ မျက်နှာဖုံးပုံကို ခွင့်မတောင်းဘဲ သုံးသဖြင့် ဥပဒေအရ ဆောင်ရွက်မည်

လင်္ကာဒီပချစ်သူရုပ်ပြမှ မျက်နှာဖုံးပုံကို ခွင့်မတောင်းဘဲ သုံးသဖြင့် ဥပဒေအရ ဆောင်ရွက်မည်
ဓာတ်ပုံ - ဖူးအိအိနွယ်

ဇွန်၊ ရန်ကုန် ။       ။ ပန်းချီဝသုန်၏ အနုပညာလက်ရာဖြစ်သော လင်္ကာဒီပချစ်သူရုပ်ပြမျက်နှာဖုံးမှ သရုပ်ဖော်ပုံကို  မိသားစု၏ ခွင့်ပြုချက်မတောင်းဘဲသုံးခဲ့ပြီး တရားဝင်တောင်းပန်ခြင်းမရှိသည့်အတွက် ဥပဒေအရ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပန်းချီဝသုန်၏ မိသားစုက ပြောသည်။

အဆိုပါကိစ္စအတွက် သတင်းစာရှင်းလင်းပွဲကို ပန်းချီဆရာဝသုန်၏ မိသားစုက ဇွန်လ ၂ဝ ရက်နေ့က ရန်ကုန်မြို့၊ House Of Orchid တွင်ပြုလုပ်ပြီး ပြောခဲ့ခြင်းဖြစ်သည်။

“ကျွန်မတို့အနေနဲ့ လူမှုရေးအရ ညှိနှိုင်းဖို့ ကြိုးစားခဲ့ပါတယ်။ ဒီလိုကြိုးစားပေမယ့်လည်း တစ်ဖက်က အသိအမှတ်ပြုခြင်းမရှိတဲ့အခါမှာတော့ ကျွန်မတို့ မိသားစုက နောက်ဆုံးတော့ တရားဥပဒေအရဖြေရှင်းဖို့ နည်းလမ်းကို မလွှဲသာ၊ မရှောင်သာရွေးချယ်ခဲ့ရပါတယ်။ ဒီနေ့ မီဒီယာဆွေးနွေးပွဲပြီးသွားတဲ့အခါကျရင်တော့ ဥပဒေအရဆက်လက်ဆာင်ရွက်မှာပါ” ဟု ပန်းချီဝသုန်၏ သမီးဖြစ်သူ မအင်ကြင်းမွှေးက ပြောသည်။

၂ဝ၁၇ ခုနှစ်က ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် Mandalay Entertainment ကုမ္ပဏီမှ လင်္ကာဒီပချစ်သူ ဇာတ်လမ်းကို စင်တင်ပြဇာတ်အဖြစ် ဖျော်ဖြေမည့်အကြောင်း သတင်းစာရှင်းလင်းပွဲပြုလုပ်ရာ၌ ရုပ်ပြမျက်နှာဖုံးမှ ပန်းချီဝသုန်၏ လက်ရာရုပ်ပြပုံကို ပွဲဖိတ်စာ၊ စာအိတ်နှင့် Backdrop အဖြစ် နေရာ ၃ နေရာတွင် မိသားစုကို ခွင့်ပြုချက်မတောင်းပဲ အသုံးပြုခဲ့ကြောင်း သိရသည်။ ထို့သို့ မူပိုင်ခွင့်ကို ဖောက်ဖျက်ကာ အသုံးပြုမှုအပေါ် တရားဝင် သတင်းစာတွင် ထည့်သွင်းတောင်းပန်ပေးရန်နှင့်  ထိုက်သင့်သည့် အနုပညာကြေးသတ်မှတ်ပြီးပေးရန် မိသားစုဘက်က တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

“’ဒီနေ့ ကျွန်မဖေဖေ ပန်းချီဝသုန်ရဲ့ အနုပညာလက်ရာတွေကို ထိန်းသိမ်းတဲ့အနေနဲ့ ဒီလိုမျိုးလုပ်ရခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် ပန်းချီလောက၊ အနုပညာလောကနဲ့ အနုပညာနယ်အသီးသီးမှာ ကျင်လည်နေတဲ့ လူပုဂ္ဂိုလ်အားလုံးအတွက်ကို ဒီလိုမျိုး သူတို့ဖန်တီးခဲ့တဲ့ အနုပညာလက်ရာတွေအတွက် လေးစားမှု၊ တန်ဖိုးထားမှုရှိအောင်လို့ ဒီလိုပြုလုပ်ရခြင်း ဖြစ်ပါတယ်” ဟု သမီးဖြစ်သူက ပြောသည်။

အဆိုပါကိစ္စအတွက် ရုပ်ရှင်အစည်းအရုံးဘက်မှ နှစ်ဦးနှစ်ဖက်ပြေလည်မှုရရှိစေရန် ညှိနှိုင်းပေးခဲ့သော်လည်း ကုမ္ပဏီဘက်က အချိန် ၅ လကြာသည့်တိုင်အောင် ချိန်းဆိုပြီး ပျက်ကွက်မှုများရှိခဲ့သောကြောင့် ရုပ်ရှင်အစည်းအရုံးဘက်က ညှိနှုင်းပေးနိုင်ခြင်းမရှိတော့ကြောင်း၊ ကာယံရှင်များ၏ ဆန္ဒအတိုင်းလုပ်ဆောင်ရန် အကြောင်းကြားခဲ့သောကြောင့် ဥပဒေအရ လုပ်ဆောင်ရန် ရွေးချယ်ခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

ဆရာဝသုန်သည် ထင်ရှားသောပန်းချီဆရာတစ်ဦးဖြစ်ပြီး လင်္ကာဒီပချစ်သူရုပ်ပြနှင့်အတူ ၄င်း၏ ရုပ်ပြသည် ထင်ရှားသည်။ ဆရာချစ်ဦးညို၏ အကြိမ်ကြိမ်ထုတ်ဝေခဲ့သော လင်္ကာဒီပချစ်သူရုပ်ပြတိုင်းကို ပန်းချီဝသုန်က ရေးဆွဲပေးခဲ့သည်။ ဖခင်ဖြစ်သူ၏ အနုပညာလက်ရာများကို မိသားစုကို အသိမပေးဘဲ သုံးစွဲခြင်း၊ အသိမပေးဘဲ ပြုပြင်ပြီး အသုံးပြုခြင်းများလည်း ရှိကြောင်း မအင်ကြင်းမွှေးက ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly