နိုင်ငံရေးအကျဉ်းသူဟောင်း အယောက် ၁၁ဝ ကို တြိအမျိုးသမီးအဖွဲ့က ဂုဏ်ပြု

နိုင်ငံရေးအကျဉ်းသူဟောင်း အယောက် ၁၁ဝ ကို တြိအမျိုးသမီးအဖွဲ့က ဂုဏ်ပြု

ရန်ကုန်၊ ဇွန် ၁၉ ။       ။ နိုင်ငံရေးအကျဉ်းသူဟောင်း အယောက် ၁၁ဝ ကို တြိအမျိုးသမီးအဖွဲ့က ဂုဏ်ပြုခဲ့ပြီး ဂုဏ်ပြုပွဲကို ဇွန်လ ၁၉ ရက်နေ့က ရန်ကုန်မြို့၊ တြိအမျိုးသမီးအဖွဲ့ရုံးခန်း၊ ဒို့အိမ်ခန်းမတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“အခမ်းအနားရယ်လို့ သီးသန့်မလုပ်ချင်ပါဘူး။ ကျွန်မတို့ အကျဉ်းသူညီအစ်မတွေ ပြန်လည်တွေ့ဆုံပြီး ရင်းရင်းနှီးနှီးစကားပြောကြမယ်။ နောက်တစ်ခုက အမှတ်တရလက်ဆောင်ပေးတာပေါ့။ တကယ်တော့ ကျွန်မစုဆောင်းထားတဲ့ နိုင်ငံရေးအကျဉ်းသူဟောင်းဦးရေက နည်းပါသေးတယ်။ ၁၁ဝ ပဲ ပါပါတယ်” ဟု တြိအမျိုးသမီးအဖွဲ့၏ ဒါရိုက်တာ ဒေါ်ခင်လေးက ပြောသည်။

အဆိုပါ နိုင်ကျဉ်းဟောင်းအမျိုးသမီးများကို  ဂုဏ်ပြုသည့်အနေဖြင့် ၄င်းတို့၏ ပုံများပါဝင်သည့့် ဗီနိုင်းကို ပွဲပြုလုပ်သည့် တြိအမျိုးသမီးအဖွဲ့ရုံးခန်းတွင် ထားရှိသွားမည်ဖြစ်ပြီး တက်ရောက် လာသူများကို ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ဖြစ်သော ဇွန်လ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပခြင်း ဖြစ်ကြောင်းလည်း သိရသည်။

“တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဟာ လူပုဂ္ဂိုလ်ကို အခြေခံပြီးတော့ ကျွန်မတို့က မြန်မာနိုင်ငံအမျိုးသမီးများနေ့ဆိုပြီး သတ်မှတ်ခဲ့တာမဟုတ်ဘူး။ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး လှုပ်ရှားမှုတွေမှာ ဒေါ်အောင်ဆန်းစုကြည်လိုအမျိုးသမီးတစ်ယောက်ရဲ့ ဦးဆောင်မှုမှာ ကျွန်မတို့ ပါဝင်ခဲ့ကြတယ်။ ပါဝင်ခဲ့တဲ့အခါမှာ ရဟန်းရှင်လူပြည်သူတွေသာမကဘူး။ ကျွန်မတို့ အမျိုးသမီး တွေလည်း တက်တက်ကြွကြွပါဝင်ခဲ့ကြတယ်။ အကျဉ်းထောင်ထဲမှာ၊ နိုင်ငံရပ်ခြားကို ထွက်ပြေးပြီး ပဲဖြစ်ဖြစ်။ အဲ့တော့ နည်းပေါင်းစုံနဲ့ ပါဝင်ခဲ့ကြတဲ့ဟာကို ကျွန်မတို့ ဂုဏ်ပြုသင့်တယ်လို့ ထင်တယ်။ ဒါကြောင့်မို့ ဒီနေ့ပွဲလေးကို အထူးသဖြင့်ကတော့ နိုင်ငံရေးအကျဉ်းသူ အမျိုးသမီးတွေကို သီးသန့် ဂုဏ်ပြုချင်လို့ ပြုလုပ်ရခြင်း ဖြစ်ပါတယ်” ဟု တြိအမျိုးသမီးအဖွဲ့၏ ဒါရိုက်တာ ဒေါ်ခင်လေးက ပြောသည်။

နိုင်ကျဉ်းဟောင်းအမျိုးသမီးများပါဝင်သည့် တြိအမျိုးသမီးအဖွဲ့မှ ဦးဆောင်ပြုလုပ်ခဲ့သည့့် အဆိုပါ ဂုဏ်ပြုပွဲတွင် ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနှင့် နိုင်ငံသားအခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့သည့် နိုင်ကျဉ်းဟောင်းအမျိုးသမီးများကို ဂုဏ်ပြုခဲ့ခြင်းလည်း ဖြစ်သည်။

“ဒီနေ့ဂုဏ်ပြုတဲ့အတွက် ကျွန်မအရမ်း ဂုဏ်ယူတာပေါ့ရှင့်။ ဘာကြောင့်လည်းဆိုတော့ ကျွန်မတို့ လုပ်ခဲ့တဲ့ ကာလလေးမှာ၊ ကျွန်မကျောင်းသူတစ်ယောက်အနေနဲ့ တစ်စိတ်တစ်ဒေသကူညီခဲ့တယ်။ ကျွန်မပံ့ပိုးလှုပ်ရှားခဲ့တယ်။ ဘယ်လောက်အထိဆိုးရွားခဲ့လဲဆိုရင် ကျွန်မမိကောင်းဖခင်သားသမီးပဲ။ ဒါပေမယ့် ကျွန်မလုံချည်ကို ချွတ်ခိုင်းခဲ့တယ်။ ဘာကြောင့်ချွတ်ခိုင်းလဲဆိုတော့ ကျွန်မရဲ့ အတွင်းခံ ထဲမှာ ဘာတွေထည့်လာလဲဆိုပြီး သူတို့က ရှာဖွေချင်တဲ့အတွက် ကျွန်မကို မျက်လုံးမှိတ်ထားတယ်။ အဲ့အချိန်မှာ ဘေးကနေ ဘယ်သူဆိုတာ မသိဘူး။ ကျွန်မကို ၂ ယောက်က ချုပ်ထားပြီး ကျွန်မလုံချည် ကို အတင်းဆွဲချွတ်တယ်။ စစ်ထောက်လှမ်းရေးလက်ထပ်၊ အသက် ၁၇ နှစ် ၈ လမှာ ဆိုးဆိုးဝါးဝါး ဆက်ဆံခံခဲ့ရတယ်” ဟု ဒဂုံတက္ကသိုလ်ကျောင်းသားလှုပ်ရှားမှုတွင်ပါဝင်ခဲ့သည့် နိုင်ငံရေးအကျဉ်း သူဟောင်း ဒေါ်လေးလေးမွန်က ပြောသည်။

မြန်မာနိုင်ငံတွင် နိုင်ကျဉ်းဟောင်းအမျိုးသမီး ၃ဝဝ ဝန်းကျင်ရှိသည့့်အထဲမှ လက်လှမ်းမှီသည့် အတိုင်းအတာ ကို ဂုဏ်ပြုခဲ့ခြင်းဖြစ်ပြီး အခြားနိုင်ကျဉ်းသူဟောင်းများကိုလည်း ဆက်လက် ဂုဏ်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly