ရိုးမားအသင်းရဲ့ ဒါရိုက်တာရာထူးမှ နှုတ်ထွက်ခဲ့တဲ့ တော့တီ

ရိုးမားအသင်းရဲ့ ဒါရိုက်တာရာထူးမှ နှုတ်ထွက်ခဲ့တဲ့ တော့တီ
Photo: AFP

၂၀၁၇ ခုနှစ်က အနားယူခဲ့ပြီး ကလပ်အသင်းအတွက် နှစ်ပေါင်း (၂၄)နှစ်ကြာ ကစားပေးခဲ့တဲ့ ရိုးမားဂန္တဝင်ကစားသမားကြီး တော့တီဟာ ဒါရိုက်တာရာထူးမှ နှုတ်ထွက်သွားပြီးဖြစ်တယ်လို့ တနင်္လာနေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

"ကျနော့်ရဲ့ နှုတ်ထွက်စာကို ရိုးမားအသင်းထံ ပေးပို့ခဲ့ပါတယ်။ ကျနော် ရိုးမားအသင်းရဲ့ ဒါရိုက်တာရာထူးက နှုတ်ထွက်လိုက်ပါပြီ။ ဒီလိုဆိုးရွားတဲ့နေ့မျိုး ရောက်မလာဖို့ ကျနော်မျှော်လင့်ခဲ့တာပါ။ ဒါပေမယ့် ရောက်လာခဲ့ပါပြီ။ ဒါဟာ တကယ် ခက်ခဲပြီး ကျနော့်အတွက် နာကျင်ရပါတယ်။"လို့ တော့တီက ပြောပါတယ်။

အသက် ၄၂ နှစ်ရှိပြီဖြစ်တဲ့ တော့တီက အသင်းကို အမေရိကန်ပိုင်ရှင်တွေရဲ့ လွှမ်းမိုးချုပ်ကိုင်ထားခြင်းနဲ့ ကလပ်အတွင်း အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေမှာ ပါဝင်ခွင့်မရခြင်းတို့ကြောင့် အခုလိုလမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

သူက "ရိုးမားအသင်းရဲ့ နည်းစနစ်ဧရိယာထဲ လုပ်ကိုင်ရဖို့ အခွင့်အရေး ကျနော် ဘယ်တော့မှ မရခဲ့ပါဘူး။ ဒါဟာ ကစားသမားဘဝက အနားယူလိုက်ရတာထက် ပိုဆိုးပါတယ်။ ရိုးမားအသင်းနဲ့ လမ်းခွဲရတာက သေမလောက်နာကျင်ခံစားရပါတယ်။ သေသွားတာကတောင် ပိုကောင်းမယ်လို့ ခံစားမိပါတယ်။"လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

တော့တီဟာ ရိုးမားအသင်းနဲ့ သူ့ရဲ့ပထမဆုံးပွဲထွက်ကစားခွင့်ကို ၁၉၉၃ ခုနှစ်၊ အသက် ၁၆ နှစ်အရွယ်မှာ စတင်ခဲ့ရာကနေ ပွဲပေါင်း(၇၈၅)ပွဲအထိ ကစားခဲ့ပြီး (၃၀၇)ဂိုး သွင်းယူခဲ့ကာ ၂၀၀၁ ခုနှစ်မှာ စီးရီးအေအမှတ်ပေးဖလားနဲ့ ကိုပါအီတလီယာဖလား (၂)ကြိမ် ဆွတ်ခူးခဲ့ပါတယ်။

"ကျနော်ကို စဉ်းစားစရာအများကြီး ပေးသွားတာက သူတို့ဟာ ကျနော်ကို ဘယ်တော့မှ ပါဝင်ခွင့်မပေးခဲ့ပါဘူး။ သူတို့ အခက်အခဲကြုံတွေ့ချိန်မှ ကျနော့်ကို ခေါ်ခဲ့ပါတယ်။ ၂ နှစ်အတွင်းမှာ ကျနော် တွေ့ဆုံဆွေးနွေးမှု ၁၀ ကြိမ်ခန့်သာ ရှိခဲ့ပါတယ်။"

အီတလီလက်ရွေးစင်အသင်းမှာ ပွဲပေါင်း (၅၈)ပွဲကစားခဲ့တဲ့ ကလပ်အသင်းခေါင်းဆောင်ဟောင်း တော့တီက "ကျနော်က ရိုးမားအသင်းကို တတ်စွမ်းသမျှ ပေးဆပ်သွားချင်တာပါ။ ဒါပေမယ့် အရိုးသားဆုံးပြောရရင် သူတို့က ကျနော့်ကို ဘယ်တုန်းကမှ အလိုမရှိခဲ့ပါဘူး။ ဆုံးဖြတ်ချက်တိုင်းမှာ ကျနော် မပါဝင်ခဲ့ရပါဘူး။"

"သူတို့က ရောမသားတွေကို ဖယ်ရှားပစ်ဖို့ဆိုတာ သူတို့ရဲ့ အဓိကရည်ရွယ်ချက်ပါ။ နောက်ဆုံးတော့ အမှန်တရားက ထွက်ပေါ်လာပါတယ်။ ဘာလို့လဲဆိုတော့ သူတို့အလိုရှိသလိုဖြစ်လာခဲ့လို့ပါ။"လို့ ဆိုပါတယ်။

တော့တီက အသင်းပိုင်ရှင်အပြောင်းအလဲဖြစ်လာခဲ့မယ်ဆိုရင် ပြန်လာချင်ပြီး အသင့်ဖြစ်နေလိမ့်မယ်လို့လည်း ပြောဆိုသွားခဲ့ပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly