နိုင်ငံပိုင်ငွေ အလွဲသုံးစားလုပ်ခဲ့ကြောင်း အစ္စရေးဝန်ကြီးချုပ်၏ ဇနီး ဝန်ခံ

နိုင်ငံပိုင်ငွေ အလွဲသုံးစားလုပ်ခဲ့ကြောင်း အစ္စရေးဝန်ကြီးချုပ်၏ ဇနီး ဝန်ခံ

ဇွန် ၁၇ ။         ။ နိုင်ငံပိုင်ငွေများကို အလွဲသုံးစားလုပ်မိခဲ့ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု၏ ဇနီးဖြစ်သူက ဝန်ခံထွက်ဆိုသွားခဲ့သည်။ ယခုကိစ္စအတွက် သူမအနေဖြင့် ဒေါ်လာငွေ ၁၅,၀၀၀ ပြန်လည်ပေးလျော်သွားရမည်ဖြစ်သည်။

အစ္စရေးဝန်ကြီးချုပ်၏ ဇနီး ဆာရာ နေတန်ယာဟုသည် ပြီးခဲ့သည့် ကာလတစ်ခုအတွင်းက ဝန်ကြီးချုပ် အိမ်တော်တွင် စားဖိုမှူးများ  အသင့် ရှိမနေကြောင်း လိမ်လည်ပြောဆိုပြီး ပြင်ပ စားသောက်ဆိုင်တစ်ခုတွင် ဒေါ်လာ ၉၉,၃၀၀ သုံးစွဲ စားသောက်ခဲ့သည်ဟု စွပ်စွဲခံထားခဲ့ရသည်။

ယင်းအတွက်ကြောင့်လည်း ယမန်နှစ်က သူမကို လိမ်လည်မှု၊ ယုံကြည်မှု ဖောက်ဖျက်မှုတို့ဖြင့် တရားစွဲဆိုခဲ့သည်။

ဇွန်လ ၁၆ ရက် အစ္စရေးတရားရုံးတစ်ခုတွင် စစ်ဆေးခဲ့ရာတွင် ဆာရာ နေတန်ယာဟုသည် နိုင်ငံပိုင်ငွေများ သုံးစွဲကာ ပြင်ပက စျေးကြီးအစားအစာများ မှာယူစားသောက်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

သို့ရာတွင် ဆာရာ နေတန်ယာဟုအနေဖြင့် ပြစ်ဒဏ် လျော့ပေါ့မှုရစေရန်အတွက် တရားစွဲဆိုမှုတွင် ပူးပေါင်းပါဝင်မည် ဆိုသည့် အပေးအယူသဘောတူညီချက်တစ်ခုကို ရယူထားခဲ့သည်ဟု သိရသည်။

အဆိုပါ အပေးအယူ သဘောတူညီချက်အောက်တွင် ဆာရာ နေတန်ယာဟုအနေဖြင့် နိုင်ငံတော်သို့ ဒေါ်လာ ၁၂,၄၉၀ ပြန်လည် ပေးလျော်ရမည်ဖြစ်ပြီး ဒဏ်ကြေး ဒေါ်လာ ၂,၇၇၇ ကိုလည်း ပေးဆောင်သွားရမည်ဖြစ်သည်။

ယခု ဆာရာ၏ ကိစ္စနှင့်အတူ ဝန်ကြီးချုပ် နေတန်ယာဟုတို့ မိသားစု ကြံုံတွေ့နေရသည့် ဥပဒေရေးရာ ပြစ်ချက်များမှာ ပြီးပြတ်သွားနိုင်ရန် လမ်းဝေးနေလျက် ရှိသည်။

၀ါရင့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု ကိုယ်တိုင်သည်လည်း လာဘ်ယူမှု၊ လိမ်လည်မှု၊ ယုံကြည်မှု ဖောက်ဖျက်မှုဖြင့် လာမည့်လများအတွင် အမှုရင်ဆိုင်ရမည့် အလားအလာများ ရှိနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly