ခရိုင်းမီးယားရေပြင်ကို အသုံးပြုခွင့်ရရေး ယူကရိန်းက နိုင်ငံတကာခုံရုံး တင်တာကို ရုရှား ကန့်ကွက်

ခရိုင်းမီးယားရေပြင်ကို အသုံးပြုခွင့်ရရေး ယူကရိန်းက နိုင်ငံတကာခုံရုံး တင်တာကို ရုရှား ကန့်ကွက်

မော်စကို၊ ဇွန် ၁၀ ။           ။ ယူကရိန်းနိုင်ငံက သိမ်းပိုက်ခံ ခရိုင်းမီးယားဝန်းကျင်က ကမ်းရိုးတန်းရေပြင်ဆီ ဖြတ်သန်းအသုံးပြုခွင့် ရရှိရေးနဲ့ ပတ်သက်ပြီး ကမ္ဘာ့ သက်တမ်းအရင့်ဆုံး တရားစီရင်ရေး ခုံရုံးဆီ အမှုတင်တာနဲ့ ပတ်သက်ပြီး ရုရှားနိုင်ငံက ဇွန် ၁၀ ရက်မှာ ကန့်ကွက်လာပါတယ်။

နယ်သာလန်နိုင်ငံ သည်ဟိတ်က အမြဲတမ်း ခုံသမာဓိရုံး PCA အနေနဲ့ ပင်လယ်နက်၊ အဇော့ပင်လယ်နဲ့ ကာ့ရှ်ရေလက်ကြားတွေနဲ့ ပတ်သက်ပြီး ယူကရိန်းက အမှုတင်လာတာအပေါ် စီရင်ဆုံးဖြတ်ပိုင်ခွင့် မရှိကြောင်း ရုရှားရှေ့နေတွေက ပြောပါတယ်။

ရုရှားနိုင်ငံဟာ ၂၀၁၄ ခုနှစ်မှာ ခရိုင်းမီးယားကျွန်းဆွယ်ကို ယူကရိန်းဆီကနေ သိမ်းပိုက်ရယူထားတာ ဖြစ်ပါတယ်။ ၂၀၁၆ မှာ ယူကရိန်းဟာ ခရိုင်းမီးယားတစ်ဝိုက်က ကမ်းရိုးတန်းရေပြင်ကို ရုရှားက တရားနည်းလမ်းမကျဘဲ ပိတ်ဆို့ထားကြောင်း PCA ခုံရုံးဆီ အမှုတင်ခဲ့တာ ဖြစ်ပါတယ်။

“ဒီ ခုံရုံးအနေနဲ့ ယူကရိန်းရဲ့ အတည်ပြုဆိုချက်ကို ဆုံးဖြတ်ဖို့ တရားစီရင်ပိုင်ခွင့် မရှိဘူး။”လို့ ရုရှားကိုယ်စားလှယ် ဒီမီထရီလိုဘတ်ရှ်က ခုံရုံးကို ပြောပါတယ်။

“ယူကရိန်းရဲ့ လုပ်ရပ်ဟာ ရုရှားရဲ့ အချုပ်အခြာရယ်၊ ခရိုင်းမီးယားရယ်၊ ပြီးတော့ ရေပိုင်နက်ဇုန်တွေရယ် အရေးမှာ ကုလားဖန်ထိုးလာတာ အရှင်းကြီးပဲ။ ပြီးတော့ ခုရုံးအနေနဲ့ ခရိုင်းမီးယားရဲ့ အချုပ်အခြာပိုင်ဖြစ်မှုအပေါ် လာရောက်ဆုံးဖြတ်လို့ မရဘူး။”လို့ လိုဘတ်ရှ်က ပြောခဲ့ပါတယ်။

ခုလို ခုံရုံးမှာ ရုရှားကိုယ်စားလှယ် လိုဘတ်ရှ်က ကန့်ကွက်အပြီး နောက်တစ်နေ့ အင်္ဂါနေ့မှာ ယူကရိန်းရှေ့နေတွေက တုံ့ပြန်ပြောဆိုရမှာ ဖြစ်ပါတယ်။

ရုရှားဟာ နိုဝင်ဘာလအတွင်းက ကာ့ရှ်ရေလက်ကြားအနီး ပင်လယ်နက်ကနေ အဇော့ပင်လယ်ဆီ ဦးတည် ခုတ်မောင်းလာတဲ့ ယူကရိန်းရေတပ်သင်္ဘော သုံးစင်းကို ပစ်ခတ်ဖမ်းဆီးပြီး သင်္ဘောသား ဒါဇင်များစွာကိုလည်း ဖမ်းဆီးထားတာ ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly