လူမျိုးစုတွေကြား တင်းမာမှုတွေ ချုပ်ငြိမ်းရေး အီသီယိုးပီးယားနိုင်ငံ လုံးပမ်းနေရဆဲ ဖြစ်

လူမျိုးစုတွေကြား တင်းမာမှုတွေ ချုပ်ငြိမ်းရေး အီသီယိုးပီးယားနိုင်ငံ လုံးပမ်းနေရဆဲ ဖြစ်

အာဒစ်အာဘာဘာ၊ ဇွန် ၁၀ ။        ။ အီသီယိုးပီးယားနိုင်ငံ တောင်ပိုင်းမှာ လူမျိုးစုတွေ တင်းမာမှုတွေကြောင့် နေအိမ်စွန့် ထွက်ပြေးလာသူတွေအနေနဲ့ တစ်နှစ်ကျော် မက ရှိပေမယ့် နေရပ်ပြန်ဖို့ အကြောက်တရား မကင်းနိုင်သေးဘဲ ရှိနေဆဲ ဖြစ်ပါတယ်။

အစိုးရဟာ လူမျိုးစုတင်းမာမှုတွေကို ပြေငြိမ်းနိုင်ရေး နည်းလမ်းအသွယ်သွယ်နဲ့ ကြိုးစားအဖြေရှာနေရဆဲပါ။

အသက် ၂၂ နှစ်အရွယ် တီကက်တယ်မမ်ဟီရူဆိုတဲ့ လူငယ်တစ်ဦးဟာ သူ့ရဲ့ နေရပ်ပြန်ဖို့အရေး ကြောက်ရွံ့နေဆဲ အခြေအနေကို ရင်ဖွင့်လာပါတယ်။

သူ့အနေနဲ့ နေအိမ်ပြာကျ မီးလောင်သလို ကော်ဖီစိုက်ခင်းတွေလည်း ဖျက်ဆီးခံရပြီး ကျွဲနွားတိရစ္ဆာန်တွေလည်း ခိုးယူခံခဲ့ရတဲ့ ပဋိပက္ခတွေကြားက မြေစာပင် ဖြစ်ခဲ့တာ တစ်နှစ်ကျော်ရှိပေမယ့် သူ့ရဲ့ နေရပ်ကို ခုချိန်ထိ မပြန်ဝံ့သေးဘဲ ရှိနေပါတယ်။

မမ်ဟီရူလို အတိဒုက္ခကို ရင်ဆိုင်နေရတာက အီသီယိုးပီးယားပြည်သူ ထောင်ပေါင်းများစွာ ရှိနေပြီး အားလုံးဟာ အိုးအိမ်စွန့် ထွက်ပြေးခဲ့ကြရတာပါ။

“ကျွန်တော် မျက်စိနဲ့တင် တပ်အပ် မြင်ခဲ့ရတယ်။ ကျွန်တော် အိမ်နီးချင်းကို လည်ပင်းလှီးသတ်တာကို။ နောက်အိမ်နီးချင်းတစ်ဦးကိုလည်း အရှင်လတ်လတ် နေအိမ်ကို မီးရှို့ပြီး မီးလောင်တိုက်သွင်းတာလည်း မြင်ခဲ့ရတယ်။ ကျွန်တော်ရဲ့ လယ်မြေထဲ ကျွန်တော် မဆင်းရဲဘူး။ တိုက်ခိုက်မှုတွေ ဖြစ်လာမှာ ကြောက်နေရတယ်။”လို့ မမ်ဟီရူက ပြောပါတယ်။

မမ်ဟီရူတို့ဟာ ဂျီဒီယို မျိုးနွယ်စုတွေဖြစ်ပြီး နိုင်ငံမှာ အကြီးဆုံး မျိုးနွယ်စုဖြစ်တဲ့ အော်ရိုမို့စ် မျိုးနွယ်စုတွေရဲ့ တိုက်ခိုက်တာကို ခံကြရတာပါ။

၂၀၁၈ မှာ စတင်ဖြစ်ပွားတဲ့ အဲဒီ လူမျိုးစုကြား တိုက်ခိုက်မှုတွေကြောင့် နေရပ်ရွှေ့ပြောင်းမှုဟာ နိုင်ငံမှာ အကြီးဆုံး ပြည်တွင်းနေရပ်ပြောင်းရွှေ့မှုဖြစ်ပြီး ဒီအရေးပြဿနာကို ထိန်းသိမ်းထားနိုင်ပြီလို့ အစိုးရက အတိအလင်း ပြောပါတယ်။

လူပေါင်း တစ်သန်းကျော်ထက်မနည်း ခုဆိုရင် နေရပ်ပြန်ကြပြီလို့ အစိုးရတာဝန်ရှိသူတွေက ဆိုပါတယ်။

ဒါပေမယ့် ဒီလို နေရပ်ပြန်လည်ပို့ဆောင်မှုကို မြေပြင်မှာ လက်တွေ့လုပ်ဆောင်နေရတဲ့ တာဝန်ရှိသူအချို့က အစိုးရရဲ့ အရေးယူမှုကို ရှောင်ရှားပြီး အမည်မဖော်ဘဲ ပြောရမှာတော့ အဲဒီလို နေရပ်ပြန်ကြတယ်ဆိုတာဟာ အတင်းအကျပ် ပြန်ခိုင်းခြင်း ဖြစ်တယ်လို့ ပြောပါတယ်။

“ငြိမ်းချမ်းရေးကို မထိန်းသိမ်းနိုင်သေးပါဘူး။ ဒီလို အခြေအနေမျိုးမှာ နေရပ်ပြန်ချင်တဲ့ တစ်ဦးတစ်ယောက်ကိုမှ ကျွန်တော် မတွေ့သေးဘူး။”လို့ ကူညီပေးရေး လုပ်သားတစ်ဦးက ပြောခဲ့ပါတယ်။

Ethiopia,ethnic clashes

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly