ငါန်းဇွန်က ဆေးခြောက်ပင်ဟု ပေါ်ပေါက်သည့် စိုက်ခင်းနှင့်ဆက်စပ်သူ တရားခံပြေး ၅ဦးအမှုကို စစ်ဆေး

ငါန်းဇွန်က ဆေးခြောက်ပင်ဟု ပေါ်ပေါက်သည့် စိုက်ခင်းနှင့်ဆက်စပ်သူ တရားခံပြေး ၅ဦးအမှုကို စစ်ဆေး
 ဓာတ်ပုံ- ကိုကိုအောင်/မဇ္ဈိမ

မန္တလေး(ဇွန်လ ၄ရက်၊ ၂၀၁၉ခုနှစ်)။ ။ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်ရှိ မြို့သာစက်မှုဇုန်ဥယျာဉ်မြို့တော်အတွင်း ဆေးခြောက်အနွယ်ဝင် အပင်များ စိုက်ပျိုးခဲ့သည်ဟုဆိုကာ ဖမ်းဆီးခံထားရသည့် အမေရိကန်နိုင်ငံသားအပါအဝင် ၃ဦးကို မြင်းခြံခရိုင်တရားရုံးတွင် ဇွန်လ ၄ရက်က ဒုတိယအကြိမ် ရုံးထုတ်ကာ အမှုနှင့်ဆက်စပ်သူ တရားခံပြေး ၅ဦးနှင့်ပတ်သက်၍ တရားလိုသက်သေများကို စတင် စစ်ဆေးခဲ့သည်။

အဆိုပါ ဆေးခြောက်အနွယ်ဝင် အပင်များ စိုက်ပျိုးခဲ့သည့် IIIM အဟာရဆေးဝါးကုမ္ပဏီမှ စိုက်ခင်းကြီးကြပ်သူ အမေရိကန်နိုင်ငံသား Mr.John Fredric Todoroki ၊ စိုက်ခင်းတာဝန်ခံ ကိုရှိုင်းလတ်၊ စိုက်ခင်းဓါတ်ခွဲခန်း လက်ထောက်အကူ မရွှန်းလဲ့မြတ်နိုးတို့ကို ရုံးထုတ်လာခြင်းဖြစ်သည်။

တရားခံပြေးအဖြစ် ဝရမ်းထုတ်ထားသည့် အမေရိကန်နိုင်ငံသားများဖြစ်သော Mr.Alexender S.Kemp Todokoki ၊ Mr. Douglas Soe Lin ၊ Mr.Martin Chi Cheong Pun ၊ Mr.Thomas Zeberlon၊ Mr.Grcougmercheius တို့နှင့်ပတ်သက်၍မူ မြို့သာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်ကို တရားခွင်တွင် စစ်ဆေးခဲ့သည်။

ဦးဝင်းနိုင်က "ပြေးနေတဲ့ Mr.Thomas Zeberlo ၊ သူက မြို့သာမှာ အိမ်ငှားနေတာ။ အဲဒီအိမ်ငှားနေတာနဲ့ပတ်သက်ပြီး လွန်ခဲ့တဲ့နှစ်ရက်က သွားပြီးကြည့်တဲ့အခါ မရှိပါဘူး။ ဒီလို စိုက်ခင်း မဖမ်းခံရခင်ကတည်းက ကျန်းမားရေးမကောင်းလို့ မန္တလေးကို ဆေးသွားကုမယ်ဆိုပြီး ထွက်သွားတာ အဲဒီကတည်းက ပြန်မလာတော့တာပါ။ ဒါပဲ ကျွန်တော်ဖြေခဲ့တယ်" ဟု တရားခွင်တွင် ၎င်း၏ထွက်ဆိုချက်ကို ပြန်ပြောပြသည်။

ယင်းအမှုတွင် လိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးကလည်း "အခုဟာက အမှုတစ်ခုလုံးကို ကြာနာတာမဟုတ်သေးဘူး။ ဝရမ်းထုတ်ထားတဲ့ တရားခံ ငါးယောက်ကို စုံစမ်းဖမ်းဆီးမှုမရနိုင်ဘူးဆိုတဲ့ အခြေအနေကို စစ်နေတာ။ အဲဒါပြီးတော့မှ နောက်တစ်ပတ်ရုံးချိန်း ၁၈ ရက်နေ့မှာလည်း ပြီးမှာမဟုတ်ဘူး။ မှင်နီသက်သေ၊ မှင်ပြာသက်သေ လုံခြုံရေးသက်သေတွေ စစ်ပြီးတော့မှ ပြစ်မှုကြီး အမှုကို ဆက်လုပ်မှာ” ဟု ဆိုသည်။

စိုက်ခင်းအား ဧပြီလ ၂၂ရက်က မန္တလေးတိုင်းရဲတပ်ဖွဲ့နှင့် FDA တာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းအဖွဲ့ သွားရောက်စစ်ဆေးရာတွင် ချည်ပေါင်လျှော်နွယ်ဝင် ဆေးခြောက် အာနိသင်ပါရှိသည်ဟု ယူဆရသည့် စိုက်ခင်း ဧက ၆၀ ဧကခန်နှင့် ၎င်းစိုက်ခင်းအတွင်းရှိ ပင်မဆောက်အဦးအတွင်း ဆေးခြောက်ဟုယူဆရသည့် အစေ့၊ အဆီ၊ အစေးနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်ဟု မူးယစ်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ယနေ့ ရုံးထုတ်တွင် အမေရိကန်နိုင်ငံသား Mr.John Fredric Todoroki ၊ ကိုရှိုင်းလတ်နှင့် မရွှန်းလဲ့မြတ်နိုးတို့၏ မိသားစုဝင်များ လာရောက်တွေ့ဆုံခြင်းနှင့် အမှုစစ်ဆေးမှုအပေါ် နားထောင်ခွင့် မပြုခဲ့ခြင်းကြောင့် တရားရုံးအတွင်း အော်ဟစ်မှုများ ဖြစ်ပွားခဲ့သေးသည်။

လာမည့် ရုံးချိန်းကို လာမည့် ဇွန်လ ၁၈ရက်တွင် တတိယအကြိမ်အဖြစ် ရုံးထုတ်စစ်ဆေးမည်ဖြစ်ပြီး နိုင်ငံခြားသားများ ပါဝင်ခြင်းကြောင့် ယခုထက် လုံခြုံရေးတိုးမြင့်သွားမည်ဟု ရဲအရာရှိတစ်ဦးက ပြောသည်။

ဖမ်းဆီးခံထားရသူများကို အမှတ် (၁၈)မူးယစ်တပ်ဖွဲ့စုက တရားလိုပြုလုပ်၍ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေ ၁၆(က)(ခ)၊၁၉(က)၊၂၀(က)(ခ)တို့ဖြင့် တရားစွဲဆိုထားသည်။

III M Global Nutraceu-tical ကုမ္ပဏီကမူ ၎င်းတို့အနေဖြင့် ဆေးခြောက်ပင် စိုက်ပျိုးရန် ရည်ရွယ်စဉ်းစားခဲ့ခြင်း မရှိသည့်အပြင် စိတ်ကို တက်ကြွစေသော THC ဒြပ်ပေါင်းကို အစဉ်အမြဲဆန့်ကျင်သည်ဟု သတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required