ကာလရှည်ချေးငွေဖြင့် ဆောင်ရွက်သည့် စီမံကိန်းများ ထိရောက်မှုရှိစေရန် စောင့်ကြည့်သင့်ဟု သမ္မတရုံးဝန်ကြီးဟောင်း ပြော

ကာလရှည်ချေးငွေဖြင့် ဆောင်ရွက်သည့် စီမံကိန်းများ ထိရောက်မှုရှိစေရန် စောင့်ကြည့်သင့်ဟု သမ္မတရုံးဝန်ကြီးဟောင်း ပြော
ဓာတ်ပုံ - MOI

နေပြည်တော်(ဇွန်လ ၄ရက်၊ ၂၀၁၉ခုနှစ်)။        ။ လက်ရှိ NLD အစိုးရလက်ထက်တွင် ကာလရှည်ချေးငွေဖြင့် အကောင်အထည်ဖော်သည့် စီမံကိန်းများ ထိရောက်၊ အကျိုးရှိစေရန် စဉ်ဆက်မပြတ် စောင့်ကြည့်၊ အစီရင်ခံသင့်ကြောင်း ပြီးခဲ့သည့် အစိုးရလက်ထက်က သမ္မတရုံးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ ဦးစိုးသိန်းက ပြောသည်။

 “အချို့ ချေးငွေတွေက ကာလတို၊ ကာလလတ် ဖြစ်သလို၊ အချို့ချေးငွေက ကာလရှည် ဖြစ်ပါတယ်။ ကာလတို၊ ကာလလတ်ကို လက်ရှိအစိုးရလက်ထက်မှာ ကြီးကြပ်၊ ကြပ်မတ်နိုင်ရန် မခက်ခဲသော်လည်း ကာလရှည်ချေးငွေတွေအပေါ် ထိရောက် အကျိုးရှိစေဖို့ စိစစ်ကြပ်မတ်ရာမှာ ချေးငွေရရှိဆောင်ရွက်တဲ့ စီမံကိန်းအပေါ် စဉ်ဆက်မပြတ် စောင့်ကြည့် အစီရင်ခံခြင်း လုပ်ထုံး၊ လုပ်နည်းတွေ ပြန်ဌာန်းထားသင့်ပါတယ်။ သက်ဆိုင်ရာ လွှတ်တော်ရေးရာကော်မတီကိုလည်း ခြောက်လတစ်ကြိမ်လောက် ရှင်းပြသင့်ပါတယ်” ဟု လက်ရှိ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးသိန်းက ပြောသည်။

 ဇွန်လ ၄ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် နို်င်ငံတော်သမ္မတထံမှ ပေးပို့ထားသည့် မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ရေပေးဝေရေးစီမံကိန်းဆောင်ရွက်ရန် နယ်သာလန်နိုင်ငံ ၊ FMO၊ ING Bank  ထံမှ ယူရို ၂၉.၉၆ သန်း ချေးငွေ ရယူရေးနှင့်ပတ်သက်ပြီး အကြံံပြုဆွေးနွေးစဉ် ဦးစိုးသိန်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

 လက်ရှိတွင် မန္တလေးမြို့စည်ပင်သာယာရေးကော်မတီမှ အောင်မြေသာဇံ၊ ချမ်းအေးသာဇံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်၊ အမရပူရမြို့နယ်တို့ကို မြေအောက်ရေပေးဝေရေးစနစ်ဖြင့် ရေပေးဝေနေပြီး မြို့သစ်ဖြစ်သည့်  ပြည်ကြီးတံခွန်မြို့နယ််ကိုမူ  JICA  ချေးငွေဖြင့် (၃၀)ရာခိုင်နှုန်း ရေပေးဝေနေခြင်း ဖြစ်သည်။

 အောင်မြေသာဇံမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုးက ပြီးခဲ့သည့် ၂၀၁၃ခုနှစ်ကလည်း မန္တလေးမြို့၊ ဧရာဝတီမြစ်ရေစီမံကိန်းတစ်ခု လုပ်ဆောင်ခဲ့ဖူးပြီး စီမံကိန်း၏ ရည်ရွယ်ချက်မှာ ရေဂါလံ ၄သန်းခန့် ရရှိမည်ဟု ဆိုသော်လည်း နည်းပညာနှင့် ဒီဇိုင်းမှားယွင်းမှုကြောင့် ရေဂါလံ နှစ်သိန်းပင် မထွက်သဖြင့် အဟောသိကံ ဖြစ်ရသည်ကို သင်ခန်းစာယူရန် လွှတ်တော်တွင် ဆွေးနွေးခဲ့သေးသည်။

 “ဒီတစ်ခါမှာလည်း ဒုဋ္ဌဝတီမြစ်ရေကို ကျွန်တေ်ာတို့က ရယူပြီးမှ ဆောင်ရွက်မှာဖြစ်တဲ့ အတွက်ကြောင့် ကျွန်တေ်ာတို့က ဒီလိုမျိုးအမှားအယွင်းမျိုး မဖြစ်ရလေအောင် နည်းပညာ၊ ဒီဇိုင်းအားလုံးဟာ စနစ်တကျ ဆောင်ရွက်ပေးမယ်ဆိုရင်တော့ အကောင်းဆုံးဖြစ်လာမယ်လို ့မျှော်လင့်ပါတယ်” ဟု ဒေါက်တာလှမိုးက ပြောသည်။

 အဆိုပါ စီမံကိန်းသည် ၂၀၁၉မှ ၂၀၂၁ အထိ နှစ်နှစ် ကြာမြင့်မည်ဖြစ်ပြီး စီမံကိန်း၏ တန်ဖိုးစုစုပေါင်းမှာ ယူရိုငွေ ၅၉ဒဿမ ၉၂သန်း ဖြစ်သော်လည်း ကုန်ကျငွေတစ်ဝက်ဖြစ်သည့် ၂၉ဒဿမ ၉၆သန်းကို နယ်သာလန်နိုင်ငံမှ ထောက်ပံ့ငွေ ပေးမည် ဖြစ်သည်။ ချေးငွေမှာ ဆိုင်းငံ့ကာလ သုံးနှစ်၊ ပြန်ဆပ်ကာလ ၁ဝနှစ် ဖြစ်သည်။

 အဆိုပါ ချေးငွေကိစ္စနှင့်ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် ၁၄ဦးက ယနေ့ ဆွေးနွေးခဲ့ကြပြီး လာမည့် ဇွန်လ ရရက်တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ချေးယူရန် သင့်၊ မသင့် ဆုံးဖြတ်မည် ဖြစ်သည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly