မြန်မာနိုင်ငံသို့ တရုတ်ခရီးသွားဧည့်သည်လာရောက်မှု နှစ်စဉ်တိုးတက်နေ

မြန်မာနိုင်ငံသို့ တရုတ်ခရီးသွားဧည့်သည်လာရောက်မှု နှစ်စဉ်တိုးတက်နေ

ရန်ကုန်၊ ဇွန် ၃ ။              ။ မြန်မာနိုင်ငံကို တရုတ်ခရီးသွားဧည့်သည်လာရောက်မှုသည် နှစ်စဉ်တိုးတက်လျက်ရှိနေကြောင်း ရန်ကုန် တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းက မဇ္စျိမကို ပြောသည်။

မြန်မာနိုင်ငံ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ တရုတ်- ဟောင်ကောင်- မြန်မာလေကြောင်းလိုင်း ၁ဝ ခုမှ သီတင်းပတ်တစ်ပတ်လျှင် ၇၂ ကြိမ် ဆင်းသက်လျှက်ရှိပြီး တရုတ်ခရီးသွားဝင်ရောက်မှုမှာ ပိုမိုတိုးတက်နေခြင်း ဖြစ်ကြောင်းသိရသည်။

“ဒီနှစ်ထဲမှာတော့ ခါတိုင်းနှစ်တွေနဲ့ ယှဉ်ရင် ၂ဝ၁၉ ခုနှစ်၊ ၄ လပိုင်းအထိကတော့ တရုတ်ခရီးသွားတွေ ပိုမိုတိုးတက်ဝင်ရောက်လာတာကို တွေ့ရှိရပါတယ်။ အခြားသောခရီးသွားတွေလည်း အထိုက် အလျောက် တိုးတက်ဝင်ရောက်လာတာကို တွေ့ရှိရပါတယ်” ဟု ၄င်းက ပြောသည်။

၂ဝ၁၉ ခုနှစ်တွင် ဧပြီလအထိ တရုတ်ခရီးသွားဝင်ရောက်မှုမှာ ၁ဝ၉၃၆၁ ဦးရှိနေကြောင်း သိရသည်။ ၂ဝ၁၆ ခုနှစ်တွင်  ၁၂၆၄၈၃ ဦး၊ ၂ဝ၁၇ ခုနှစ်တွင် ၁၄၃၄၆၇ ဦးနှင့် ၂ဝ၁၈ ခုနှစ်တွင် ၁၉၈၅၆၈ ဦးရှိခဲ့ပြီး နှစ်စဉ် တိုးတက်လာခြင်း ဖြစ်သည်။

မြန်မာနိုင်ငံဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအနေနှင့် မြန်မာနိုင်ငံသို့ ခရီးသွားဧည့်သည်များ ပိုမို ဝင်ရောက်လာစေရန် ၂ဝ၁၈ ခုနှစ်က အာရှနိုင်ငံများဖြစ်သော တရုတ်၊ တောင်ကိုရီးယား၊ ဂျပန်နိုင်ငံများကို ဗီဇာဖြေလျှော့ပေးခဲ့သော ကြောင့် အဆိုပါနိုင်ငံများမှ ပြည်ပခရီးသွားများ ပိုမိုဝင်ရောက်လာခြင်းဖြစ်ပြီး တရုတ်ခရီးသွား အများဆုံး ဝင်ရောက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနက သိရသည်။

“ကျွန်တော်တို့ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနအနေနဲ့ မြန်မာနိုင်ငံအတွင်း နိုင်ငံခြားသားခရီးသွားများ ပိုမိုတိုးဝင်ရောက်ဖို့ကို ဦးစီးဦးဆောင်ပြုပြီးမှ ဆောင်ရွက်လျှက်ရှိပါတယ်။ အဲ့လိုဆောင်ရွက်တဲ့နေရာမှာ ပြီးခဲ့တဲ့ နှစ်က တရုတ်၊ တောင်ကိုရီးယား၊ ဂျပန် စတဲ့ အာရှမှာ ရှိတဲ့နိုင်ငံတွေကို ဗီဇာဖြေလျှော့ခြင်းအားဖြင့် ကျွန်တော် တို့ နိုင်ငံအတွင်းသို့ ပထမဦးစွာ တရုတ်၊ တောင်ကိုရီးယား၊ ဂျပန်စတဲ့ နိုင်ငံသားတွေ ပိုမိုဝင်ရောက်လာ ပါတယ်” ဟု ၄င်းက ပြောသည်။

မြန်မာနိုင်ငံတွင် ပုဂံ၊ အင်းလေး၊ ပင်းတယ၊ ငပလီ၊ ချောင်းသာ၊ ငွေဆောင်၊ တနင်္သာရီတိုင်းကျွန်းစုစသဖြင့် နေရာများကို ခရီးသွားများ စိတ်ဝင်စားလည်ပတ်မှုရှိနေပြီး ၂ဝ၁၇ ခုနှစ်တွင် နိုင်ငံခြားသားခရီးသွားဧည့်သည် ၃.၄ ခန့်နှင့်၂ဝ၁၈ ခုနှစ်တွင် ၉.၅ သန်းခန့် ရှိခဲ့ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly