အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို နေမာ ငြင်းဆန်

အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို နေမာ ငြင်းဆန်
Photos: EPA

ပါရီမြို့က ဟိုတယ်တစ်ခုမှာ အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို ဘရာဇီးလ်နဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး နေမာက တနင်္ဂနွေနေ့မှာ ငြင်းဆိုသွားခဲ့ပြီး သူဟာ ထောင်ချောက်ဆင်ခံရတာဖြစ်တယ်လို့ ဖခင်နည်းတူ ပြောဆိုခဲ့ပါတယ်။

ဆောလ်ပိုလိုရဲတပ်ဖွဲထံ တိုင်ကြားချက်အရ အမည်မဖော်ပြတဲ့ ကာယကံရှင်အမျိုးသမီးက ကမ္ဘာ့စျေးအကြီးဆုံးဘောလုံးကစားသမားဟာ "သူမရဲ့ ခွင့်ပြုချက်မရဘဲ သူမကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်အကြမ်းဖက်ဖို့ ကြိုးပမ်းခဲ့တယ်"လို့ UOL နဲ့ GloboEsporte ဝက်ဘ်ဆိုက်တို့က ဖော်ပြခဲ့ပါတယ်။

"ကျနော် အဓမ္မပြုကျင့်မှုနဲ့ စွပ်စွဲခံရတယ်။ ဒါဟာ ကြီးမားတဲ့ စကားလုံးတစ်ရပ်သွားပြီ။ ဒါဟာ အရမ်းပြင်းထန်လွန်းပါတယ်။"လို့ နေမာက (၇)မိနစ်စာရှိတဲ့ ဗီဒီယိုဖိုင်ကို Instagram မှာ လွင့်တက်ခဲ့ပါတယ်။

"ဒါက ကျနော့်ကို အံ့အားသင့်စေပါတယ်။ ဒါဟာ တကယ်ပဲ ဆိုးရွားပြီး ဝမ်းနည်းဖို့ကောင်းတဲ့ အရာတစ်ခုပါ။ ဘာကြောင့်လဲဆိုတော့ ကျနော် ဘယ်လိုလူစာမျိုးလဲဆိုတာရယ်၊ ဒီလိုကိစ္စမျိုးကို ဘယ်တော့မှ လုပ်မှာမဟုတ်ဘူးဆိုတာ ဘယ်သူမဆို ကျနော့်ကို သိလို့ပါ။"

အသက် ၂၇ နှစ်အရွယ် နေမာက WhatsApp မှာ အိပ်ယာထဲ အဝတ်အစားမပါတဲ့ သူမရဲ့ ပုံတွေအပါအဝင် အဆိုပါအမျိုးသမီးနဲ့ အပြန်အလှန် ပြောဆိုထားတဲ့ မက်ဆေ့ချ်တွေကို ပြသခဲ့ပါတယ်။

"ပုံမှန်ဖြစ်ရိုးဖြစ်စဉ်အတိုင်း ရင်းနှီးသွားတဲ့ အချိန်လေးတွေ ရှိပါတယ်။ ဒါပေမယ့် ဒါဟာ တကယ်ဘာမှ မဖြစ်ပျက်ခဲ့ဘူးဆိုတာကို သက်သေပြဖို့အတွက် အများသိအောင် လုပ်ဖို့ လုပ်အပ်ပါတယ်။"လို့ သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

သတင်းတွေရဲ့ ဖော်ပြချက်အရမူ ဘရာဇီးလ်မှာ နေထိုင်တဲ့ အမည်မဖော်ပြတဲ့ အမျိုးသမီးမှာ နေမာနဲ့ Instagram မှာ တွေ့ဆုံခဲ့တာဖြစ်ပြီး သူတို့နှစ်ဦးကြား အပြန်အလှန် မက်ဆေ့ချ်တွေ ပေးပို့ပြီးနောက်  ပြီးခဲ့တဲ့ မေလလယ်လောက်က ကစားသမားက ပါရီမြို့မှာ သူ့ဆီ လာလည်ဖို့ သူမကို ဖိတ်ကြားခဲ့တယ်လို့ သိရပါတယ်။

တိုင်ကြားချက်အရ နေမာဟာ ဟိုတယ်သို့ ရောက်ရှိခဲ့စဉ်က “အရက်မူးနေပုံရပြီး” သူတို့နှစ်ဦးဟာ တီးတိုးစကားပြောဆိုပြီးနောက် “အပြန်အလှန်ပွေ့ဖက်ခဲ့တယ်”လို့ ဆိုပါတယ်။

အဲဒီနောက် "သူ(နေမာ)က ရန်လိုလားပြီး သူမရဲ့ ခွင့်ပြုချက်မရဘဲ သူမနဲ့ လိင်ဆက်ဆံဖို့ အကြမ်းဖက်လာခဲ့တယ်။"လို့ တိုင်ကြားချက် စာရွက်စာတမ်းမှာ ပြောထားပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly