“အစိုးရဖွဲ့ရုံနဲ့ အုပ်ချုပ်ရေးအာဏာကို အပြည့်အဝရမလား”

“အစိုးရဖွဲ့ရုံနဲ့ အုပ်ချုပ်ရေးအာဏာကို အပြည့်အဝရမလား”

မြန်မာ့အရေး စောင့်ကြည့်အကဲခတ်သူ တစ်ဦးဖြစ်သည့် ဒေါ်ခင်မမမျိုးသည် လန်ဒန်တွင် ပညာသင်ယူခဲ့ပြီး ရန်ကုန်မြို့တွင် သူတည်ထောင်ထားသော မြန်မာ့နိုင်ငံရေးနှင့် မူဝါဒရေးရာ လေ့လာ ရေးဆိုင်ရာ သိပ္ပံကို အာရှ၏ ထိပ်တန်း ကျောင်းများတွင် ပါဝင်လာရေးအထိ ရည်ရွယ်ထားသူ ဖြစ်သည်။

မြန်မာပြည်အနှံ့မှာ ငြိမ်းချမ်းရေးနှင့်နိုင်ငံရေး သင်တန်းများပေးခဲ့သော ဒေါ်ခင်မမမျိုးသည် လတ်တလောတွင် ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ခြင်း၊ မဲဆွယ်ခြင်း၊ အမျိုးသမီးများ ရွေးကောက် ပွဲနှင့်နိုင်ငံရေး ပါတီတွင် ပါဝင်မှုဆိုင်ရာ ဆွေးနွေးပွဲများကို ဦးဆောင် ပြုလုပ်လျက် ရှိသည်။

သတင်းထောက် ဖြိုးသီဟချိုနှင့် မကြာသေးခင်က တွေ့ဆုံစဉ် ဒေါ်ခင်မမမျိုးက အခြေခံဥပဒေ ပြင်ဆင်ရေး၊ အစိုးရအဖွဲ့ ဖွဲ့စည်းခြင်း၊ နိုင်ငံရေးတွင် လူထုပါဝင်မှု၊ တပ်မတော်က ဝန်ကြီးဌာန ၃ ခုကို အမြဲတမ်း ချုပ်ကိုင်ထားခြင်း စသည့် အကြောင်းအရာများကို ပြောပြခဲ့သည်။

ကြားဖြတ်ရွေးကောက်ပွဲ မတိုင်ခင်  ကျယ်ကျယ်လောင်လောင် ကြားခဲ့ရတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုတာကို အခုတလော မဲဆွယ်ပွဲတွေမှာ သိပ်မကြားရတော့တာ ဘာကြောင့် လို့ ထင်ပါသလဲ။

အခြေခံ ဥပဒေပြင်ဆင်ရေးတို့၊  ငြိမ်းချမ်းရေးတို့ဆိုတာက ရေရှည်သွားရမယ့် ဖြစ်စဉ်ပေါ့။ ပါတီ များရဲ့ မဲဆွယ် စည်းရုံးမှုတွေဟာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့နဲ့ ပတ်သက်တဲ့ Structure ကြီးတွေ ပေါ်မှာ အခြေတည်တာထက် “လိုအပ်ချက်” အပေါ် အခြေတည်ပြီးတော့ မဲဆွယ်စည်းရုံး ကြတယ်လို့  မြင်ပါတယ်။ အဲဒီတော့ ဆင်းရဲနွမ်းပါးမှု၊ ပညာရေး၊ ကျန်းမာရေး အစရှိတဲ့လူထုရဲ့ လတ်တလော အဖြစ်အပျက်တွေ၊ လိုအပ်ချက်တွေ ပေါ်မှာပိုပြီးတော့ အာရုံစိုက်လာတယ်လို့ မြင်ပါတယ်။

လူထုရဲ့ အခြေခံ လိုအပ်ချက်တွေဖြစ်တဲ့ စားဝတ်နေရေးကို အာရုံစိုက်လာပြီး လူထုရဲ့ နိုင်ငံရေး မျှော်လင့်ချက်ဖြစ်တဲ့ ဒီမိုကရေစီရေးကို ပါတီတွေက မဖြည့်ဆည်းပေးနိုင်တော့ဘူးလို့ ဆိုလိုချင်တာလား။

တချို့ပါတီတွေက စားဝတ်နေရေး၊ ဖွံ့ဖြိုးတိုးတက်ရေး အပိုင်းကို နံပတ်တစ် ပြောပြီးတော့မှ နိုင်ငံရေး အယူအဆကို နောက်မှ ပြောမယ်ဆိုတဲ့ အတွေးအခေါ် အယူအဆက ပိုပြီးတော့ လွှမ်းမိုးလာ တယ်လို့ ထင်ပါတယ်။ လူထုရဲ့ နိုင်ငံရေး ရည်မှန်းချက်အပိုင်းကို ဂရုမစိုက်တာတော့ မဟုတ်ဘူးပေါ့။

မကြာသေးခင်က ရွေးကောက်ပွဲကော်မရှင်က ပြောတယ် မဲစာရင်းကြည့်သူ ၃၀ ရာခိုင်နှုံးပဲ ရှိတယ်တဲ့။  လူထုရဲ့ နိုင်ငံရေး အပေါ်စိတ်ဝင်စားမှု အခြေအနေကို ဘယ်လို ထင်ပါသလဲ။

ကျွန်မတို့ ပြည်သူလူထုက နိုင်ငံရေးဖြစ်စဉ်တွေမှာ ပါဝင်ပတ်သက်မှုတွေ ရှိခဲ့ကြပါတယ်။ လက်ရှိ အခြေအနေအရတော့ တချို့ကလည်း စိတ်ဓာတ်ကျပြီး မျှော်လင့်ချက် ပျောက်ဆုံးနေတယ်။ လူထုက ရှေ့ထွက်လိုက်၊ ဦးဆောင်လိုက်၊ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အင်အားစုတွေ ပေါ်လာလိုက်၊ ပြီးတော့ အဲဒီနိုင်ငံရေးနဲ့ ပတ်သက်တဲ့ အင်အားစုတွေကို စစ်အာဏာရှင်တွေက ပြန်ပြီးတော့ ချေမှုန်း လိုက်ပေါ့။ အဲဒီအပေါ်မှာ လူထုက ပြန်ပြီးတော့ လိုက်ကြည့်နေရတဲ့ အနေအထားပေါ့။

ဥပမာ ၁၉၈၈မှာ တတိုင်းပြည်လုံး တက်တက်ကြွကြွနဲ့ ပါကြတယ်၊ မဲပေးတဲ့အခါ ကျတော့ လည်း တက်တက်ကြွကြွနဲ့ မဲပေးကြတယ်၊ အနိုင်ရတဲ့ ပါတီကလည်း အစိုးရ မဖြစ်ပြန်ဘူး။ စစ်အာဏာ ရှင်တွေက အာဏာ မလွှဲခဲ့ဘူး။ လူထုက အရင်လှုပ်ရှားတယ်။ ပြီးရင် နိုင်ငံရေး ဦးဆောင်သူတွေ ပေါ်လာတယ်၊ လူထုထဲကပဲ ထွက်လာတယ်၊ အဲဒီ နိုင်ငံရေးသမားတွေကို အစိုးရက ချေမှုန်းတယ်။ လူထုက အဲဒီနိုင်ငံရေးသမားတွေ ပြန်ပြီးတော့ လွတ်မြောက်ရေးအတွက် လုပ်ကြရတယ်၊ ထွက်လာပြီ ဆိုရင် အရမ်းပျော်ကြတယ်။ (ထောင်ထဲ)ပြန်ဝင်သွားကြရပြီဆိုရင် အရမ်း စိုးရိမ်ကြတယ်။ ထွက်လာပြီး တဲ့ အခါမှာလည်း ဒီအာဏာရှင် စနစ်ကြီးကို ပျောက်ဆုံးသွားအောင် လုပ်နိုင်လား ဆိုတော့လည်း မလုပ်နိုင်ဘူးပေါ့လေ။

အာဏာရှင်တွေရဲ့ အမြစ်တွယ်မှုကလည်း အရမ်းကို များနေပြီးတော့ နိုင်ငံရေးသမားတွေ အချင်းချင်း မညီညွတ်တာတွေ၊ တစ်ယောက်တစ်သံ ထွက်ကြတာတွေ၊ နိုင်ငံရေး လမ်းစဉ်တွေကို တစ်နေ့တစ်မျိုး ပြောကြတာတွေလည်း ပါတာပေါ့လေ။ အဲဒီလို လည်နေတဲ့ အပိုင်းတွေမှာ ပန်းတိုင် ပျောက်နေကြတယ်။ လူထုကို နိုင်ငံရေး လမ်းစဉ်တစ်ခု တွဲခေါ်ပြီးတော့ ချပြမသွားနိုင်ဘူး။ ဒီတော့ လူထုက မျှှော်လင့်ချက် နည်းလာတဲ့ အခြေအနေမျိုး ဖြစ်လာတယ်လို့ ထင်ပါတယ်။

ဒါကို ကျွန်မတို့ နိုင်ငံရေးသမားတွေက ပြန်ပြီးတော့ ဒီတိုင်းပြည်ရဲ့ အပြောင်းအလဲကို ငါတို့ လုပ်နိုင်တယ်ဆိုတဲ့ လူထုရဲ့ ယုံကြည်မှုပေါ့။ ငါတို့ပဲ လုပ်ရမှာတော့ မဟုတ်ဘူးပေါ့။ အားလုံးအတူတ ကွ တွဲလုပ်ရမယ်ဆိုတဲ့ သဘောမျိုးပေါ့။ အဲဒီလမ်းစဉ်ကို ချပြနိုင်မယ်ဆိုရင် လူထုရဲ့ နိုင်ငံရေး စိတ်ဝင် စားမှုက ပြန်ပြီးတော့ မြင့်တက်လာမယ်လို့ ထင်ပါတယ်။ နိုင်ငံရေးသမား တော်တော်များများက အတိတ်တုန်းက ဖြစ်စဉ်တွေကို ပြောကြတယ်။ ဒီဖြစ်စဉ်တွေက လူထုကလည်း သိပြီးသားပါ၊ ပါဝင် ပတ်သက်ပြီးသား။ နိုင်ငံရေးသမားထက် လူထုက ပိုပြီးတော့တောင် ထိခိုက် ခံစား ခဲ့ရသေးတယ်။ ဥပမာ နိုင်ငံရေးသမားက ငြိမ်းချမ်းရေးကိစ္စကို ပြောနေတဲ့အချိန်မှာ လူထုက သေနတ်သံအောက်မှာ ဖြတ်သန်း နေရတာ။ ငြိမ်းချမ်းရေး လိုအပ်ပါတယ်လို့ လူထုကို ပြောရုံနဲ့ မပြီးဘူး။ ဘယ်နိုင်ငံမှာတော့ ဘာတွေဖြစ်နေပြီ၊ ဘယ်လို ဖြစ်သင့်တယ်၊ အဲဒီ ဘာဖြစ်သင့်တယ် ဆိုတဲ့နေရာကို ခုရောက်နေတဲ့ နေရာကနေ ဘယ်လိုသွားမှာလဲ ဆိုတဲ့လမ်းစဉ်ကို နိုင်ငံရေးသမား တော်တော်များများက ချပြဖို့အ တွက် အားနည်းတာကို တွေ့ရပါတယ်။

အတိုက်အခံက ရွေးကောက်ပွဲကို အပြတ်အသတ် အနိုင်ပြီးတော့ အစိုးရ ဖွဲ့နိုင်ခဲ့ရင် အခြေခံဥပ ဒေပြင် ဆင်ရေးအပေါ် သက်ရောက်မှု ရှိနိုင်မလား။

အစိုးရဖွဲ့နိုင်ခြင်းနဲ့  အခြေခံဥပဒေ ပြင်ဆင်နိုင်ခြင်းက ကျွန်မအမြင်မှာတော့ ဆက်စပ်မှု မရှိဘူး ရှင့်။ အစိုးရဖွဲ့ရုံနဲ့ အုပ်ချုပ်ရေးအာဏာကို အပြည့်အဝ ရမလားဆိုတာ မေးစရာရှိပါတယ်။ ဘာကြောင့် လဲဆိုတော့ အစိုးရတစ်ခု ဖွဲ့ပြီဆိုရင် ဝန်ကြီးဌာန သုံးမျိုးသုံးစားကို ဖွဲ့စည်းရပါတယ်။ အာဏာရှိတဲ့ ဝန်ကြီးဌာနတွေ၊ ဘဏ္ဍာငွေကြေးနဲ့ ဆိုင်တဲ့ ဝန်ကြီးဌာနတွေ၊ ဝန်ဆောင်မှု ဝန်ကြီးဌာနတွေပါ။ အဲဒီလို သုံးမျိုးသုံးစား ရှိတဲ့အထဲမှာ (၂ဝဝ၈ အခြေခံဥပဒေအရ) အစိုးရ အဖွဲ့တစ်ခုအနေနဲ့ ရရှိနိုင်တဲ့ အာဏာ သည် ဝန်ဆောင်မှု ဝန်ကြီးဌာနတွေပဲ ဖြစ်ပါတယ်။ အာဏာရှိတဲ့ ဝန်ကြီးဌာနတွေသည် အဲဒီအစိုးရအဖွဲ့ ရဲ့ စီမံခန့်ခွဲမှု ဘောင်ထဲမှာ လုံးလုံး မရှိပါဘူး။

အာဏာရှိတဲ့ ဝန်ကြီးဌာနတွေ အကြောင်း ရှင်းပြပေးပါဦး။

ကာကွယ်ရေး၊ နယ်စပ်ရေးရာနဲ့ ပြည်ထဲရေးတို့ ဖြစ်ကြပါတယ်။ တိုင်းပြည်တစ်ခုရဲ့ အရေးအ ကြီးဆုံး အဓိက ဝန်ကြီးဌာနတွေပေ့ါ။ ဒါတွေကို လုံးဝစီမံခန့်ခွဲပိုင်ခွင့် အစိုးရအဖွဲ့ကို မပေးထားဘူး။ တိုင်းပြည်တစ်ခုလုံးရဲ့ အုပ်ချုပ်ရေးကလည်း ပြန်ပြီးတော့ ကြည့်မယ်ဆိုရင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ပြည်ထဲရေး ဝန်ကြီးဌာန အောက်မှာရှိပါတယ်။ ဒါသည်လည်း အစိုးရအဖွဲ့ရဲ့ စီမံခန့်ခွဲမှု ထဲမှာ မပါသေးဘူး။ နောက်တစ်ခုက အစိုးရတစ်ရပ် ဖွဲ့နိုင်ခြင်းသည် လွှတ်တော်မှာ ၇၅ ရာခိုင်နှုန်း (အုပ်)စီးနိုင်မလား။ မဖြစ်နိုင်ဘူး။ စီးနိုင်ခဲ့ရင် တောင်မှ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ကို ကျန်တဲ့ ၂၅ရာခိုင်နှုန်းက တစ်စုံတရာ မဲမပေးဘဲနဲ့ ပြင်ဆင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

အခြေခံဥပဒေကို လွှတ်တော် လမ်းကြောင်းကနေ ပြင်နိုင်မလား။

အခြေခံဥပဒေကို လွှတ်တော်တွင်း နိုင်ငံရေးနဲ့ပဲပြင်ဖို့ ကြိုးစားတယ်ဆိုတဲ့ လမ်းကြောင်းက မှားတာ မဟုတ်ရင်တောင်မှ တော်တေ်ာလေးကို သံသရာရှည်မှာပါ။ ဘာကြောင့်လဲဆိုတော့ လွှတ်တော်တွင်း နိုင်ငံရေးထဲမှာ ၇၅ ရာခိုင်နှုန်းအထက်က လက်ခံအောင် လုပ်ပေးရဦးမယ်၊ ပြီးတော့ လူထုဆန္ဒ ခံယူပွဲမှာ မဲပေးသူရဲ့ ဘယ်လောက် ရာခိုင်နှုန်းက ထောက်ခံရမယ်ဆိုပြီး ဒုတိယအဆင့် ဖြတ်သန်း ရဦးမယ်။ လွှတ်တော်က အရင် ရအောင်ပြင်မယ်၊ စမယ်၊ ပြီးရင်လူထုရဲ့ အားကို ယူရပါဦး မယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags