ဥတုရာသီ ကံကြမ္မာကို မီကြရတော့မည်လော တောက်ို မီနိုင်သေး၏လော

ဥတုရာသီ ကံကြမ္မာကို မီကြရတော့မည်လော တောက်ို မီနိုင်သေး၏လော

ယခုတလော ရန်ကုန်မြို့တွင် နေ့စဉ်ရက်ဆက် မိုးရွာသည်။ ထို့ကြောင့် ထုံးစံအတိုင်း တချို့ သော ရပ်ကွက်များ လမ်းများပေါ် ရေကျော်သည်။ အခြေခံ လူတန်းစားများ တပူပေါ်နှစ်ပူဆင့် ကြရသည်။

ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သမျှ မြို့သစ်စီမံကိန်းများမှာ အမြှော်အမြင်နှင့် ပြုလုပ်ခဲ့သည် မဟုတ်။ လမ်းများ ရေသွင်း ရေနှုတ်မြောင်းများ၊ လမ်းဘေး မီးတိုင်များကအစ ထင်သလို တည်ဆောက်ခဲ့ပုံ ရသည်။

အများစုလမ်းများမှာ ရေသွင်း ရေနှုတ်မြောင်းပင် မရှိ။ ထို့ပြင် ရှိပြီးသား ရေသွင်း ရေနှုတ် မြောင်းများကိုလည်း စနစ်တကျ ထိန်းသိမ်း ပြုပြင်ခြင်း မရှိ။ ထိုအခါ မိုးဟဲ့လို့ ဆိုလျင်ပင် ရန်ကွက်များ ကားလမ်း များရေကျော်တော့သည်။

သည်လို မိုးဆက်တိုက်ရွာတော့ မိမိတို့နိုင်ငံ တိုင်းနှင့်ပြည်နယ် ၁၁ ခုတွင် ရေကြီးရေလျှံမှု ဖြစ်ခဲ့ သည်ကို သတိရသည်။ သဘာဝ ဘေးဥပါဒ်အန္တရယ် ကျရောက်နေသည့် နယ်မြေအဖြစ် နယ်မြေတချို့ကို တာဝန်ရှိသူများက ကြောညာပေးရသည်။ သည်တွင်လည်း ကြေညာသင့်သည့် အချိန်ထက် အတော်လေး နောက်ကျပြီးမှ ကြေညာသည်ဟူ၍ ဝေဖန်သံများ ကြားခဲ့ရသည်။

ပိုဆိုးသည်မှာ ရေ ဘေးအထိနာလှသည့် ဒေသများတွင် နိုင်ငံတော်အနေဖြင့် ထိရောက်သည့် ကူညီကယ်ဆယ်ရေးများ မလုပ်နိုင်ခဲ့ဟူသည့် ဝေဖန်ခံရချက်များ ရှိသည်။ ထိုနယ်မြေများတွင် ကိုယ်တိုင် ကွင်းဆင်းလေ့လာ ကိုယ်တိုင် ကူညီကယ်ဆယ်ရေးလုပ်ငန်း လုပ်ကြသည့် ကူညီကယ်ဆယ်ရေး စေတနာ့ဝန်ထမ်းများရဲ့ အမြင်အရ နိုင်ငံတော်က ထိရောက်မြင်သာသည့် ကူညီကယ်ဆယ်ရေး လုပ်ငန်း မရှိခဲ့ဟူ၍ အခိုင်အ မာပင် ပြောဆိုလာခဲ့သည်။

ယခုအခါရန်ကုန်တွင် မိုးကမပြတ်အောင် ရွာနေပြန်သည်။ လွန်ခဲ့သည် တစ်လကျော်ကရေဘေးဒဏ် ထိဒေသများရဲ့အခြေအနေကို စိတ်ပူလာကြရပြန်သည်။ ထိုဒေသနေ ပြည်သူများမှာ လည်းခေါင်းပြားအောင် ယခုထက်ထိ မအိပ်စက်နိုင်ကြသေး။ ဘယ်အချိန် မည်သည့် နေရာကတဆင့် ရေတွေ ရောက်လာလေ မလည်းဟူသော စိုးရိမ်စိတ်ဖြင့်သာ ဘုရားတနေကြရသည့် သဘော ဖြစ်သည်။

ရေကြီးရေလျှံမှုများသည် ဖြစ်ရိုးဖြစ်စဉ် မဟုတ်ပဲ ယခုလို မထင်မှတ်ပဲ မည်သည့်အတွက် ကြောင့် ဆိုးရွားစွာ ဖြစ်ခဲ့ကြ ကြုံခဲ့ကြရသနည်း။ အကြောင်းရင်း ခံအချက်များ များစွာရှိသည့်အနက် သစ်ပင်များ ပြုန်းတီးသွားသဖြင့် အခုလို ရေကြီးရေလျှံမှုများ ဖြစ်လာရသည် ဟူသည့်အချက်မှာ လူတိုင်း လက်ခံရမည့် အချက်ဖြစ်သည်။ သည်သို့ဆိုလျင် မည်သည့်အတွက်ကြောင့် သစ်ပင်များ ပြုန်းတီး သွားရသနည်း။ အဖြေရှာသင့်သည်။

ကမ္ဘာကြီးတွင် သစ်ပင်များ သည်လိုပဲ ပြုန်းတီးလာနေသည်မှာ မှန်သော်ငြားလည်း မိမိတို့ တိုင်းပြည်အဖို့ ယင်းပြဿနာကို အဖြေမရှာပဲ၊ မှန်ကန်စွာ မဖြေရှင်းပဲ သည်အတိုင်း ဆက်နေသွားလို့ မဖြစ်ချေ။ ပြီးခဲ့သည့် ရေကြီးရေလျှံမှုတွင် လူ ၁၀၀ ကျော် သေဆုံး၊  လယ်ယာမြေ ဟက်တာ ၄ သိန်း ကျော် လုပ်ကိုင်စားဖို့ရာ မဖြစ်နိုင်လောက်အောင် ပျက်စီးခဲ့ရသည်ဟု တွက်ချက် ယူဆကြပါသည်။ အခြား ထင်မြင်ယူဆသူများ အမြင်အရဆိုလျင် သည့်ထက်ပင် အပျက်အစီး အဆုံးအရှုံးများ ရှိနိုင် သည်ဟူ၍ ဖြစ်သည်။

အထက်ကပြောခဲ့သလို သစ်ပင်များ လျင်မြန်စွာ ဖြုန်းတီးလိုက်ကြသဖြင့် ပြုန်းတီးသွားသော သစ်ပင်များက အဆမတန် များလာသောအခါ မိုးရွာသည့်အခါ မိုးရေကို စုတ်ယူထိမ်းသိမ်းနိုင်စွမ်း သည့် သစ်ပင်များ မရှိသည့်အတွက် ရေများ ဒလဟော နိမ့်ရာကို စီးတော့သည်။ ရှိသမျှ အမှိုက်နှင့် သဲများခဲများလည်း ရေများနှင့်အတူ ရောပါလာပြီးနောက် ရေစီးရာ ဒေသတလျောက် ရေကြီးရုံတင်မ က ရေကြီးပြီးနောက် နွံများ ဖုံးလွှမ်းခံရသည့်ဒဏ်ကို ထပ်ပြီး ခံကြရပြန်သည်။

ထို့ကြောင့် မိမိတို့တိုင်းပြည်အဖို့ သည်နှစ်ပိုင်းအတွင်း ဖြစ်ပွားသည့် ရေကြီးရေလျှံမှုက ဥတုရာသီ တောကိုမီ ဟူသည့် ဆောင်ပုဒ်ကို ပြင်ရတော့မလို ဖြစ်လာသည်။ ဥတုရာသီ တောကို မမီတော့ပဲ မိမိတို့ ပြည်သူများရဲ့ကံကြမ္မာအပေါ်တွင်သာ မီတော့သည်ဟူ၍ ဖြစ်သည်။

လက်ရှိ အခြေအနေအရဆိုလျင် မိမိတို့ ပြည်သူများ၏ ဘဝအခြေအနေမှာ ဥတုရာသီ ကံကြ မ္မာအပေါ်တွင်သာ မျက်စိစုံမှိန်ပြီး မှီထားကြရတော့မည့် အခြေအနေသို့ ဦးတည်နေပြီဖြစ်ကြောင်း တင်ပြလိုက် ရပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags