လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့် မဟာဓာတ်အားလိုင်း တာဝါတိုင်ကို ခုနှစ်ရက်အတွင်း အပြီး ပြင်ဆင်မည်

လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့် မဟာဓာတ်အားလိုင်း တာဝါတိုင်ကို ခုနှစ်ရက်အတွင်း အပြီး ပြင်ဆင်မည်
ဓာတ်ပုံ- အောင်မြတ်သူ/မဇ္ဈိမ

နေပြည်တော်( ဇွန်လ ၁ရက်၊ ၂၀၁၉ခုနှစ်)။ ။ ဘီလူးချောင်း လောပိတ ရေအားလျှပ်စစ်စက်ရုံမှ ရွှေမြို့ ပင်မဓာတ်အားခွဲရုံသို့ ပေးပို့သည့် ၂၃၀ ကေဗွီ မဟာဓာတ်အားလိုင်း တာဝါတိုင်တစ်ခုသည် ဖယ်ခုံမြို့အနီးတွင် မေလ ၂၈ရက်၊ ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားခဲ့သည်။

လောပိတ ဘီလူးချောင်း ရေအားလျှပ်စစ်စက်ရုံမှ ၂၃၀ ကေဗွီ မဟာဓာတ်အားလိုင်း သုံးလိုင်းဖြင့် နိုင်ငံအတွင်းသို့ လျှပ်စစ်ဓာတ်အား ပေးပို့နေခြင်း ဖြစ်သည်။

ပျက်စီးသွားသည့် လောပိတ ဘီလူးချောင်း - ရွှေမြို့ ဓာတ်အားလိုင်း တာဝါတိုင်၏ ဆုံးရှုံးမှု တန်ဖိုးသည်  ငွေကျပ် သိန်း ၈ဝခန့်ရှိပြီး ပြန်လည်ပြင်ဆင်ချိန် (၇)ရက်ခန့် ကြာမြင့်မည်ဖြစ်ကာ အမြန်ဆုံး ပြီးစီးရန် နေ့၊ ညမပြတ် စီစဉ်ဆောင်ရွက်နေသည်ဟု လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဇော်ငြိမ်းက ပြောသည်။

“ကျွန်တာ်တို့ ဌာနအနေနဲ့ စက်ပစ္စည်း၊ တာဝါ၊ လုပ်ငန်းသုံးပစ္စည်း၊ လူအင်အားများနဲ့ အမြန်ဆုံး နေ့၊ ညမပြတ် စီစဉ်ဆောင်ရွက်နေပါတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ မဟာဓာတ်အားလိုင်း တာဝါတိုင် ပျက်စီးမှုကြောင့် မြန်မာနိုင်ငံအလယ်ပိုင်း နေရာများသို့ ဓာတ်အားပို့လွှတ်လျက်ရှိသည့် ဓာတ်အားများ ပြတ်တောက်ခဲ့ခြင်း မရှိကြောင်း အဆိုပါ မဟာဓာတ်အားလိုင်း ထိန်းသိမ်းရေးမှူး ဦးတင့်ဆွေဦးက ပြောသည်။

“ရွှေမြို့ခွဲရုံမှကတစ်ဆင့် ထပ်ပြီးတော့ ပြန်လည်ဖြန့်ဖြူးပေးတာပါ။ ပျဉ်းမနားမှာ တစ်ဆင့်ပေးတယ်။ သာစည်က တစ်ဆင့် ပေးတယ်။ အဲ့လို ပေးထားပါတယ်။ ရွှေမြို့ခွဲရုံမှာတော့ ဓာတ်အားပြတ်တောက်မှု မရှိပါဘူး” ဟု ဦးတင့်ဆွေဦးက ပြောကြားသည်။

ဘီလူးချောင်း လောပိတ ရေအားလျှပ်စစ်စက်ရုံမှ ရွှေမြို့ ပင်မဓာတ်အားခွဲရုံသို့ ပေးပို့သည့် ၂၃၀ ကေဗွီ မဟာဓာတ်အားလိုင်းသည် ၁၀၂မိုင်ခန့် ရှည်လျားပြီး ၂၀၁၄ခုနှစ်တွင် စတင်တည်ဆောက်ကာ ၂၀၁၆တွင် လျှပ်စစ်ဓာတ်အား စတင်ပေးပို့ခဲ့သည်။

ယခုကဲ့သို့ သဘာဝဘေး ဖြစ်စဉ်များကြောင့် ဓာတ်အားတိုင်များ ပျက်စီးမှုသည် ယခင်က ဘဲလင်း- တံခွန်တိုင်လိုင်း၊ ကလောဓာတ်အားလိုင်း စသည့် လိုင်းများတွင် ဖြစ်ပွားခဲ့ဖူးသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required