အမြန်လမ်းတွင် ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ဓားဖြင့်ခုတ်ပြီး ဆိုင်ကယ်နှင့်ဖုန်းလုယူသူများထဲမှ တစ်ဦးဖမ်းမိ

အမြန်လမ်းတွင် ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ဓားဖြင့်ခုတ်ပြီး ဆိုင်ကယ်နှင့်ဖုန်းလုယူသူများထဲမှ တစ်ဦးဖမ်းမိ
ဓာတ်ပုံ- မြန်မာနိုင်ငံရဲတပ်ဖွဲ့

နေပြည်တော်၊ မေ ၃၀ ။        ။ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၁၅၂/၃ အနီးရှိ ယာယီရဲကင်းတွင် ရဲတပ်သားတစ်ဦး အသတ် ခံရမှုအတွက် တရားခံတစ်ဦးကို ဖမ်းမိခဲ့ပြီဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က မေလ ၃ဝရက်နေ့တွင် သတင်း ထုတ်ပြန်ခဲ့သည်။

အမြန်လမ်းမကြီးရဲတပ်ဖွဲ့၊ ဇီးပင်သာအမြန်လမ်းမကြီးရဲစခန်းမှ ရဲတပ်သား အောင်စိုးဝေအား မေလ ၂၉ ရက်နေ့ နံနက် ၆ နာရီခွဲအချိန်တွင် ရန်ကုန်-မန္တလေး အမြန်လမ်းမိုင်တိုင် (၁၅၂/၃)အနီး ခြံစည်းရိုးအပြင်ရှိ ယာယီ ကင်းတဲ၌ ဝဲလည်ပင်းပြတ်ရှဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် ဇီးပင်သာ အမြန်လမ်းမကြီး ရဲစခန်း မှ (ပ)၃၇/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ-၃၀၂/၃၉၄ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ခဲ့သည်။

အဆိုပါ အမှုအတွက် ဖြူးအမြန်လမ်းမကြီးရဲစခန်းနှင့် တောင်ငူခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က စုံစမ်းစစ်ဆေးဖော်ထုတ်ခဲ့ရာ အခင်းဖြစ်စဉ်ညက ရဲတပ်သား အောင်စိုးဝေ သည် ရဲကင်းမှူး ဦးစီးသော လှည့်ကင်းအဖွဲ့နှင့်အတူ အမြန်လမ်းမကြီးပေါ်၌ ညလှည့်ကင်းဆောင်ရွက်ခဲ့ပြီး အခြေပြုရာ ရွာသစ် လုံခြုံရေးရဲကင်းသို့ ပြန်လည်ရောက်ရှိ၍ လက်နက်/ခဲယမ်းများ အပ်နှံကာ ရဲကင်းမှ (၂)မိုင်ခန့်အကွာရှိ ၎င်း၏ မိဘများ နေထိုင်ရာ ကေတုမတီမြို့သစ်နေအိမ်သို့ ကိုယ်ပိုင်ဆိုင်ကယ်ဖြင့် တစ်ဦးတည်းခေတ္တ သွားရောက် ခဲ့ကြောင်း သိရသည်။

ထိုသို့ သွားရောက်စဉ် ယခင်ကသိရှိရင်းနှီးသူ နလင်ကန်ကျေးရွာတွင် နေထိုင်သော ဖိုးစည်(၂၀)နှစ်နှင့် နေပူကုန်းကျေးရွာတွင် နေထိုင်သော ၎င်း၏အစ်ကို နေထက်လင်း(၂၄)နှစ်တို့နှင့် တွေ့ဆုံစဉ် ဖိုးစည် မှ ဓားမဖြင့် ခုတ်၍ အစ်ကိုဖြစ်သူမှ ဆိုင်ကယ်နှင့် လက်ကိုင်ဖုန်း တို့အား လုယူသွားကြောင်း စစ်ဆေးသိရှိ ရသည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

ထို့နောက် တရားခံများအား ဖမ်းဆီးရရှိရေးအတွက် စုံစမ်းဖော်ထုတ်ခဲ့ရာ အခင်းဖြစ်ပြီး ၉ နာရီအတွင်း မေလ ၂၉ ရက်နေ့ ညနေ ၃ နာရီခွဲ တွင် ဖိုးစည်အား နလင်ကန်ကျေးရွာရှိ ၎င်း၏နေအိမ်တွင် ဖမ်းဆီးရမိခဲ့ပြီး အခင်းဖြစ်စဉ် အသုံးပြုခဲ့သည့် အရှည်(၂)ပေခန့်ရှိ ဓားမ(၁)ချောင်း၊ တရားခံ ဖိုးစည် ဝတ်ဆင်ခဲ့သည့် အနီရောင် တီရှပ်(၁)ထည်၊ အနက်ရောင် လည်တိုဖိနပ်(၁)ရံ တို့အား သိမ်းဆည်းရရှိသည်ဟု သိရသည်။

သို့သော် ပြစ်မှုကျုးလွန်ရာတွင်ပါဝင်ခဲ့သူ နေထက်လင်းမှာ ထွက်ပြေးတိမ်းရှောင်နေသော ကြောင့် ဖမ်းဆီး ရမိရေးနှင့် သက်သေခံပစ္စည်း ဆိုင်ကယ်၊ ဖုန်းတို့အား သိမ်းဆည်းရမိရေးအတွက် ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly