ကမ္ဘာ့အသေးငယ်ဆုံးကလေးငယ်ကို ငါးလတာ အထူးကြပ်မတ်ကုသပြီးနောက် ဆေးရုံမှ ဆင်းခွင့်ပြု

ကမ္ဘာ့အသေးငယ်ဆုံးကလေးငယ်ကို ငါးလတာ အထူးကြပ်မတ်ကုသပြီးနောက် ဆေးရုံမှ ဆင်းခွင့်ပြု

ဆန်တီယာဂို၊ မေ ၃၀ ။           ။။အမေရိကန်နိုင်ငံမှာ ကမ္ဘာ့ အသေးငယ်ဆုံးကလေးငယ်ကို မွေးဖွားပေးနိုင်ခဲ့ကြောင်း ဆန်တီယာဂိုဆေးရုံက မေ ၂၉ ရက်က ထုတ်ပြန်ပါတယ်။

မိန်းကလေးဖြစ်တဲ့ ဒီကလေးငယ်ဟာ အသက်ရှင်ကျန်ရစ်တဲ့ ကမ္ဘာ့ အသေးငယ်ဆုံး ကလေးငယ်ဖြစ်နိုင်ပြီး မွေးဖွားချိန်က ကိုယ်အလေးချိန်ဟာ  ၂၄၅ ဂရမ် (၈ ဒသမ ၆ အောင်စခန့်) သာ ရှိတာ ဖြစ်ပါတယ်။

ဆေဘီးလို့ နာမည်ပေးထားတဲ့ ဒီကလေးမလေးကို အခု လအတွင်းမှာပဲ ကျန်းကျန်းမာမာနဲ့ ဆေးရုံက ဆင်းခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။  

ကိုယ်ဝန်ဆောင်ချိန် သီတင်းပတ် ၂၃ ပတ်၊ သုံးရက်နဲ့ မွေးဖွားလာတဲ့ ဆေဘီးလေးကို ငါးလတာ အထူးကြပ်မတ်ကုသဆောင်မှာ ထားပြီး ပြုစုစောင့်ရှောက်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ဆေးရုံက ဆင်းသွားချိန်မှာ ကိုယ်အလေးချိန် ငါးပေါင်အထိ ရှိနေပြီ ဖြစ်တယ်လို့ ဆေးရုံက ထုတ်ပြန်ပါတယ်။

ဒီကလေးမကအကြောင်းကို အများသူငါသိရှိအောင် ထုတ်ပြန်တာကို မိသားစုဝင်တွေက သဘောတူခွင့်ပြုပေမယ့် သူတို့က ဘယ်သူဘယ်ဝါဖြစ်ကြောင်းကိုတော့ မပြောဖို့ တောင်းဆိုထားတယ်လို့ ဆေးရုံထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဆေဘီးလေးရဲ့ မိခင်ကတော့ အဖတ်တင်မှာ မဟုတ်ဘူး ထင်ခဲ့တဲ့ သူ့သမီးလေးဟာ ခုလို ကျန်းကျန်းမာမာနဲ့ ပြည့်ပြည့်ဖြိုးဖြိုး ရှိလာတဲ့အတွက် အတိုင်းမသိ ဝမ်းသာနေပါတယ်။

သီတင်းပတ် ၂၃ ပတ်နဲ့ မွေးလာတဲ့ သူ့သမီးလေးတော့ အသက်ရှင်မှာ မဟုတ်ဘူးလို့ ထင်ခဲ့မိကြောင်း ဆရာဝန်ကြီးတွေကို မိခင်ဖြစ်တဲ့သူက ပြောရင်း ကျေးဇူးတင်စကား ဆိုပါတယ်။

ကလေးတစ်ယောက် မွေးဖွားချိန်ဟာ ပုံမှန်အားဖြင့် ကိုယ်ဝန်ဆောင်ချိန် သီတင်းပတ် ၄၀ အနည်းဆုံး ရှိမှ မွေးဖွားလေ့ရှိတာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly