ဝန်ကြီးဌာနများအနက် ကျန်းမာရေးနှင့်အားကစားမှ ဝန်ထမ်းများ အများဆုံး အရေးယူခံရ

ဝန်ကြီးဌာနများအနက် ကျန်းမာရေးနှင့်အားကစားမှ ဝန်ထမ်းများ အများဆုံး အရေးယူခံရ
ဓာတ်ပုံ - Ministry of Health and Sports, Myanmar

နေပြည်တော်(မေလ ၂၃ရက်၊ ၂၀၁၉ခုနှစ်)။     ။ ပြီးခဲ့သည့် ၂၀၁၈ခုနှစ် တစ်နှစ်တာအတွင်း အစိုးရဝန်ကြီးဌာနများအနက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဝန်ထမ်းများမှာ ရာထူးမှ ထုတ်ပယ်ခံရမှု အပါအဝင် အရေးယူခံရမှု အများဆုံး ဖြစ်ခဲ့သည်ဟု ပြည်ထောင်စုရာထူးဝန်အဖွဲ့က ပြောကြားသည်။

 အများစုသည် ခွင့်မဲ့ပျက်ကွက်ခြင်းကြောင့် အရေးယူခံရခြင်း ဖြစ်ပြီး စည်းကမ်းဖောက်ဖျက်မှု၊ တရားဥပဒေဆိုင်ရာအမှု၊ တာဝန်ပျက်ကွက်မှုနှင့် အလွဲသုံးစားမှု၊ လာဘ်ပေးလာဘ်ယူမှု၊ အကျင့်စာရိတ္တပျက်ပြားမှုနှင့် နိုင်ငံဝန်ထမ်းဥပဒေများဖြင့် ဝန်ထမ်းဦးရေ ၈၃ဝဦးကို ရာထူးမှ ထုတ်ပယ်ကာ ဝန်ထမ်းအဖြစ်မှလည်း ထုတ်ပစ်ခဲ့ခြင်း ဖြစ်သည်။

 “ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဦးရေစုစုပေါင်း ထုတ်ပယ်၊ ထုတ်ပစ် ၈၃ဝနဲ့  အများဆုံး ဖြစ်ပါတယ်” ဟု ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ အမြဲတမ်းအတွင်းဝန်၊ ဦးခင်မောင်ဝင်းက နေပြည်တော်တွင် မေလ ၂၃ရက်က ပြုလုပ်သည့် အစိုးရသက်တမ်း သုံးနှစ်တာကာလအတွင်း ဆောင်ရွက်ချက်များအပေါ် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားသည်။

 မည်သည့် အစိုးရဝန်ထမ်းမဆို ရက်ပေါင်း ၂၁ရက်ထက် ကျော်လွန်ပြီး ခွင့်မဲ့ပျက်ကွက်ပါက ရာထူး/တာဝန်မှ အလိုအလျောက် ရပ်စဲပြီး ဖြစ်သည်ဟု ပြည်ထောင်စုရာထူးဝန်အဖွဲ့က ထုတ်ပြန်ထားသည့် “ဝန်ထမ်းကျင့်ဝတ်” တွင် ပါရှိသည်။

 ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ အဖွဲ့ဝင်ဖြစ်သူ ဦးစောဗယ်လင်တိုင်းကလည်း “ဒုတိယအများဆုံးကတော့ ပြည်ထဲရေးဝန်ကြီးဌာန စုစုပေါင်း ၃၆၄ဦး၊ သူလည်း ခွင့်မဲ့ပျက်ကွက်သူက အများဆုံး ရှိပါတယ်။ ကျန်တဲ့ ပြစ်မှုတွေကတော့ နည်းပါတယ်။ တတိယကတော့ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အဲ့ဒါက ၁၈၉ဦး ရှိတယ်” ဟု ဆိုသည်။

 အမှန်တစ်ကယ်တွင်မူ ဝန်ထမ်းများကအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် အလုပ်ပြောင်းရွှေ့ရန် သို့မဟုတ် အလုပ််ထွက်ရန် စာတင်ပါက အလွယ်တကူ ထွက်ခွင့်မရဘဲ အချိန်ကြန့်ကြာသဖြင့် ယခုကဲ့သို့ ခွင့်မဲ့ပျက်ကွက်ပြီး အလုပ်ထွက်လိုက်ကြခြင်း ဖြစ်သည်။

 “ဝန်ထမ်းတွေက ထွက်ချင်တယ်။ ဒါပေမယ့် ထွက်ခွင့်က လွယ်လွယ်နဲ့ မကျဘူး။ အဲ့ကျတော့ ၂၁ရက် ခွင့်မဲ့ပျက်ပြီး အလုပ်ကနေ ထွက်လိုက်ကြတာ” ဟု နေပြည်တော်တွင် တာဝန်ထမ်းဆောင်နေသည့် အမည်မဖော်လိုသူ အစိုးရဝန်ထမ်းတစ်ဦးက ပြောသည်။

 ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ စာရင်းများအရ ပြီးခဲ့သည့် တစ်နှစ်အတွင်း တစ်နိုင်ငံလုံးတွင် ရာထူးမှ ထုတ်ပယ်ကာ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်သည့် ဝန်ထမ်းဦးရေ စုစုပေါင်း ၂၃၇၇ ဦး ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required