မင်းလှတွင် ၃ နှစ်အရွယ် မိန်းကလေးငယ်ကို ဆွေမျိုးတော်စပ်သူက အဓမ္မပြုကျင့်မှု ဖြစ်ပွား

မင်းလှတွင် ၃ နှစ်အရွယ် မိန်းကလေးငယ်ကို ဆွေမျိုးတော်စပ်သူက အဓမ္မပြုကျင့်မှု ဖြစ်ပွား

မကွေး၊ မေ ၁၈ ။        ။ မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့၊ ……….ရပ်ကွက်တွင်  တူမတော်စပ်သူ၏ ၃ နှစ်အရွယ် သမီးငယ်ကို ဦးလေးဖြစ်သူက အဓမ္မပြုကျင့်ခဲ့မှု မေ ၁၇ ရက် နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ဦးလေးဖြစ်သူနှင့်ဇနီးဖြစ်သူထံ သမီးငယ်အား အပ်ထားစဉ် ဦးလေးတော်စပ်သူ တင်ထွေးဆိုသူက အိမ်သာအတွင်းခေါ်ဆောင်ကာ အဓမ္မပြုကျင်ခဲ့မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“ ဦးတင်ထွေးနဲ့သူ့ဇနီးက မင်းဘူးမြို့နယ် ရေငံအုပ်စု၊ ပက်ပယ်ကျေးရွာမှာ နေထိုင်ကြတာပါ၊ မင်းလှမြို့ ၊………ရပ်ကွက်ကို ပန်းရံလုပ်ငန်း လာရောက်လုပ်ကိုင်နေတာပါ၊ အဲဒီနေ့က သမီးလေးက ဦးတင်ထွေးရဲ့ ဇနီးနဲ့ အတူ သူတို့အလုပ်လုပ်နေတဲ့အိမ်မှာ အတူအိပ်နေကြတာပါ၊အဲဒီမှာ သမီးလေးကို အိမ်သာထဲခေါ်ဆောင်ပြီး အဓမ္မပြုကျင့်ခဲ့တယ်လို့ သမီးလေးက ပြောလို့ သိရပါတယ်” ဟု ကလေးငယ်၏ မိခင်ဖြစ်သူက ပြောသည်။

ထို့ကြောင့် မိခင်ဖြစ်သူက မေ ၁၇ ရက်၊ ည ၇ နာရီအချိန်တွင် ဥပဒေအရ အရေးယူနိုင်ရန် မင်းလှမြို့မရဲစခန်း တွင် လာရောက်တိုင်တန်းခဲ့ပြီး မင်းလှမြို့မရဲစခန်းမှ ထွက်ပြေးတိမ်းရှောင်နေသူ ဦးတင်ထွေးကို ည ၇ နာရီခွဲ အချိန်တွင် ဖမ်းဆီးရမိခဲ့သည်။

“ အမှုက ဆွေမျိုးတော်စပ်သူက ယုံကြည်မှုကို အခွင့်ကောင်းယူပြီး ကလေးမလေးကို အသုံးချသွားလို့ ဒီအမှုဖြစ်ပွားခဲ့ရတာပါ၊ အမှုကို ခိုင်မာအောင် တည်ဆောက်ပြီး တရားစွဲတင်နိုင်ရေး စီစဉ်ဆောင်ရွက်လျှက် ရှိပါတယ် ” ဟု မင်းလှမြို့မရဲစခန်း၊ စခန်းမှူး ဒုရဲမှူးသန်းလှိုင်က ပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဦးတင်ထွေး(၃၅)နှစ်ကို မင်းလှမြို့မရဲစခန်းမှ ပအမှတ်(ပ)၁၉၆/၂၀၁၉(အမှုကြီးအမှတ်စဉ် (၄/၂၀၁၉)၊ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုရေးဖွင့်ထားပြီး ဒုရဲမှူးသန်းလှိုင်က အမှုစစ်အဖြစ် စစ်ဆေးဆောင်ရွက်လျှက်ရှိသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly