MNA လေယာဉ်ဆင်းသက်စဉ် ရှေ့ဘီး ချမရခဲ့မှုအပေါ် စုံစမ်းစစ်ဆေးနေ

MNA လေယာဉ်ဆင်းသက်စဉ် ရှေ့ဘီး ချမရခဲ့မှုအပေါ် စုံစမ်းစစ်ဆေးနေ
 ဓာတ်ပုံ- MOI

မေ ၁၃ ။       ။ MNA လေယာဉ်ဆင်းသက်ရာတွင် ရှေ့ဘီးချမရ၍ လေယာဉ်ရှေ့ဦးပိုင်းစိုက် အနေအထားဖြင့် ဆင်းသက်ရမှု ဖြစ်ပွားခဲ့သည့်အပေါ် စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

“ ဖြစ်သွားပြီးတဲ့နောက်မှာ ပြန်ပြီးတော့ ကျွန်တော်တို့ လေယာဉ်ကို ပြန်ဆွဲတယ်၊ ကရိန်းနဲ့ မတယ်၊ ကြည့်တယ်။ ကြည့်တဲ့အခါမှာ အပေါ်မှာ လေယာဉ်ဘီးက ကန့်လန့်ကြီး ဖြစ်နေတယ်ပေါ့နော်။ ဘာကြောင့်ဖြစ်လဲဆိုတာတော့ ကျွန်တော်တို့ စုံစမ်းစစ်ဆေးရေးထွက်မှပဲ ကျွန်တော်တို့ သိပါလိမ့်မယ်” ဟု လေယာဉ်မှူးကြီး မြတ်မိုးအောင်က မေ ၁၃ ရက်တွင် မဇ္ဈိမနှင့်တွေ့ဆုံစဉ် ပြောသည်။

ပြီးခဲ့သည့် မေ ၁၂ ရက် နံနက် ၈ နာရီ ၁၇ မိနစ်က မန္တလေး တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA) လေယာဉ်ခရီးစဉ်အမှတ် UB103 ဆင်းသက်ရာ၌ ရှေ့ဘီးချမရ၍ လေယာဉ် ရှေ့ဦးပိုင်းစိုက်အနေအထားဖြင့် ဆင်းသက်ခဲ့ရမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

လေယာဉ်ဘီးသည် ပုံမှန်အားဖြင့် ဒေါင်လိုက်အနေအထားဖြစ်ရမည် ဖြစ်ပြီး ဖြစ်ပွားချိန်က ကန့်လန့် အနေအထား ဖြစ်ပေါ်နေခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရေးအဖွဲ့မှ စစ်ဆေးသွားမည်ဖြစ်ပြီး လေကြောင်းဦးစီးဌာနမှ တာဝန်ရှိသည့် အတိုင်း လုပ်ဆောင်သွားမသည်ဟုလည်း တံတားဦးလေဆိပ်တာဝန်ခံ ဦးကျော်ဆန်းကလည်း မေ ၁၂ ရက်က ပြောဆိုထားသည်။

လက်ရှိတွင် အာမခံကုမ္ပဏီများမှ လေယာဉ်ကို သွားရောက် ကြည့်ရှုလျက်ရှိပြီး လေယာဉ်ပြင်ဆင်ရေးအဖွဲ့များ ကိုလည်း ခေါ်ယူထားကြောင်း သိရသည်။

လေယာဉ်ဘီးချမရသောကြောင့်  အရေးပေါ်လုပ်ထုံးလုပ်နည်းအရ လေယာဉ်မှူးက လေယာဉ်ဆီကုန်အောင် ပျံသန်းပြီးမှ ဦးစိုက်အနေအထားဖြင့် ရအောင်ဆင်းသက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ယင်းလေယာဉ် မောင်းနှင်ခဲ့သူ ကပ္ပတိန် မြတ်မိုးအောင်သည် ၂၀၁၇ ခုနှစ်က မြန်မာအမျိုးသားလေကြောင်း လိုင်း ခရီးစဉ်အမှတ် UB-202 စစ်တွေ-ရန်ကုန် Embraer-190 လေယာဉ်ခရီးစဉ်တွင်လည်း လေယိုစိမ့်မှု ဖြစ်ပွားခဲ့သော်လည်း အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့သူ ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly