နှစ်ကြိမ်ခွဲ တက်ရမည့် အဝေးသင်စနစ်အပေါ် ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ကန့်ကွက်

နှစ်ကြိမ်ခွဲ တက်ရမည့် အဝေးသင်စနစ်အပေါ် ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ကန့်ကွက်

မန္တလေး၊ မေ ၁၃ ။         ။ နှစ်ကြိမ်ခွဲတက်ရမည့် အဝေးသင်ပညာရေးစနစ်သစ်ကို အလိုမရှိကြောင်းနှင့်ပယ်ဖျက်ပေးရန်ဟု ဆိုကာ မေ ၁၃ ရက်၊နံနက် ၁၀ နာရီက ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗကသ)မှ ဦးဆောင်ကန့်ကွက်ခဲ့ကြသည်။

ရတနာပုံတက္ကသိုလ်ကျောင်းရှေ့တွင် ကန့်ကွက်လှုပ်ရှားကြသည့် ကျောင်းသားများက အနီရောင် ဖဲကြိုး ရင်ထိုးများ တပ်ဆင်၍ ကန့်ကွက်ကြောင်း စတစ်ကာများကို ရတနာပုံကျောင်းတစ်ဝိုက် လိုက်လံကပ်ခဲ့ကြ သည်ကို တွေ့ရသည်။

"ပညာရေးစနစ်သစ်ကို ပြောင်းတာကောင်းပါတယ်။ ခုဟာက အလှမ်းကျယ်နေတယ်။ အလှမ်းကျယ်တော့ အလယ်မှာ ဟနေတယ်။ ကျောင်းသားတွေအတွက် အဆင်မပြေနိုင်ဘူး။ ဒါ့ကြောင့် ဖဲကြိုးနီသင်္ကေတနဲ့ ကန့်ကွက်ကြောင်း ကန်ပိန်းလုပ်တာပါ။ အဝေးသင်ကျောင်းသားအများစုဟာ အလုပ်တစ်ဖက်နှင့် ကျောင်းတက်ရတဲ့သူတွေဖြစ်ပါတယ်။ (၅)ရက်နှစ်ခါ ခွဲတက်ရမည်ဆိုရင် အဆောင်စရိတ်ကုန်ကျမယ်။ ပြီးရင် အလုပ်ခွင်မှာ အလုပ်ရှင်နဲ့အဆင်မပြေမှုတွေ ဖြစ်နိုင်ပါတယ်။"ဟု ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသ)မှ ပြန်ကြားရေးတာဝန်ခံ ကိုမျိုးချစ်ဇော်က ပြောသည်။

အဝေးသင်(၀ိဇ္ဇာ) ၂ ကြိမ်ခွဲ တက်ရောက်ရမည့်အစီအစဉ်အား လာမည့်ပညာသင်နှစ်မှ စတင်ပြီး နှစ်ကြိမ်ခွဲ တက်ရောက်မှုတွင် Orientation (ဘာသာရပ်မိတ်ဆက်ခြင်း) ကို မေလတွင် ၅ ရက် တစ်ကြိမ်နှင့် နိုဝင်ဘာလ အတွင်း ၅ ရက် အဖြစ် နှစ်ကြိမ်ခွဲ တက်ရောက်ရန် ပညာရေးဌာနမှ စီစဉ်နေခြင်း ဖြစ်သည်။

ဇန်နဝါရီလပိုင်းခန့်က ယင်းသို့ပြောင်းလဲမှုအပေါ် ကန့်ကွက်ခဲ့၍ ၁၀ ရက် ဆက်တိုက်ဖြစ်သွားရာမှ လာမည့်နှစ် တွင် ၂ ကြိမ်ခွဲ တက်ရောက်ရမည်ဟု စီစဉ်နေမှုအပေါ် ကန့်ကွက်ကြခြင်းလည်း ဖြစ်သည်။

အဝေးသင်ပညာရေးစနစ်သစ်ဖြစ်သည့် မေလ Orientation (၅)ရက်နှင့် စာမေးပွဲမတိုင်မီ အနီးကပ် (၅)ရက် တက်ရမည့်အပေါ် ကန့်ကွက်ခြင်းဖြစ်ပြီး စနစ်သစ်နှင့်ပတ်သက်၍ မေလ(၉)ရက်နေ့က ကျောင်းသားမဂ္ဂနှင့် ဆရာများသမဂ္ဂတို့၏ သဘောထားမှတ်ချက်အား ပညာရေးဝန်ကြီးဌာနက တောင်းခံထားသည်။

ရတနာပုံ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗကသ)အနေဖြင့် အဝေးသင် စနစ်သစ်နှင့်ပတ်သက်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကန့်ကွက်မှုများဆက်လက်လုပ်ဆောင်မည်ဖြစ်ပြီး အခြားတက္ကသိုလ်များမှ သမဂ္ဂများနှင့်ပူးပေါင်းဆောင်ရွက်သွားမည်ဟု ကိုမျိုးချစ်ဇော်က ဆိုသည်။

အဝေးသင်ပညာရေးစနစ်သစ်နှင့်ပတ်သက်၍ ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗကသ)မှ မေ ၁၂ ရက်နေ့က သဘောကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required